သတင်း

ဖားကန့်သို့ ဆန်တင်ပို့နိုင်ရေး စစ်ကောင်စီနှင့် ညှိနှိုင်း‌သော်လည်း တားမြစ်ခံထားရဆဲ

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့သို့ ဆန်တင်ပို့နိုင်ရေးအတွက် စစ်ကောင်စီတပ်ထံ ဆန်ကုန်သည်များ ရက်ပေါင်း ၂၀ ကြာ ညှိနှိုင်းခဲ့သော်လည်း ခွင့်ပြုမိန့်မရသေးကြောင်း စုံစမ်း သိရှိရသည်။

ဖားကန့်မြို့နယ်သို့ ဝင်ရောက်နိုင်ရန် စောင့်ဆိုင်းနေသည့် ဆန်ကားအစီးရေ ၇၀ ကျော်အထိ နန့်ယားစစ်ကောင်စီဂိတ်တွင် ပိတ်မိနေကြောင်း ဖားကန့်သို့ ဆန်တင်ပို့သည့် ဆန်ကုန်သည်အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

ပိုက်ဆံပေးဝင်လို့လည်းမရဘူး ငိုယိုတောင်းပန်ပြီးပြောရင် တောင်လုံးဝကို မဝင်ခိုင်းဘူး။ အခုတချို့ဆန်းကားတွေဆို စောင့်နေတာကြာတော့ပြန်လှည့်သွားကြတယ်ဟု ပြောသည်။

လက်ရှိ ပိတ်မိနေသည့် ဆန်ကားများမှာ ၁၂ ဘီး ယာဥ်များဖြစ်ပြီး ကားတစ်စီးလျှင် ဆန်အိတ် ၃၀၀ ကျော်ထိ တင်ဆောင်ထားသောကြောင့် ပိတ်မိနေသည့် ဆန်အိတ်အရေအတွက်မှာ အိတ် ၂၀၀၀၀  ကျော်အထိ ရှိမည်ဟု သုံးသပ်နေကြသည်။

ယင်းပိတ်မိနေသည့် ဆန်အိတ်များကို ဖားကန့်မြို့နယ်အတွင်းသို့အလျှင်အမြန် တင်ပိုနိုင်ရေးအတွက် ဆန်ကုန်သည်များကလည်း စစ်ကောင်စီနှင့် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး ယနေ့ထိ ဖြတ်ခွင့်မရသေးသောကြောင့် ဒေသခံများ စားသောက်ရေး ပိုမိုကြပ်တည်းလာကြောင်း ဒေသခံများထံမှ သိရသည်။

ဆန်းစျေးကတော့တက်နေတုန်းပဲ။ လက်ကျန်ရှိတဲ့သူတွေကထိန်းပြီးမျှရောင်းပေးနေတာ ပေါ်ဆန်းမွှေးဆိုအရင်က ၈သောင်း အခု ၁၂၀၀၀၀ အထိတက်သွားပြီ တခြားဆန်တွေလည်းအရင်က ၅သောင်း ၆ သောင်းတန်တွေက အခု ၈သောင်း ၉ သောင်းအထိတက်သွားပြီ တချို့ဆိုဗျာ မရှိတဲ့လူဆိုရင် ဆန်ပြုတ် ပြုတ်ပြီးပဲသောက်နေကြတာအဲ့လိုခြေနေထိဖြစ်နေပြီ ကျနော်တို့မြင်တွေ့နေရတယ်ဟု ဖားကန့်မြို့နေ အမျိူးသားတစ်ဦးက KNG သတင်းကို ပြောသည်။

ဖားကန့်ဒေသတွင် ဆန်ပြတ်လပ်စပြုနေပြီဖြစ်ပြီး လက်ရှိအခြေအနေတိုင်း ဆန်စျေးနှုန်းများ တက်သွားမည်ဆိုပါက ဖားကန့်ဒေသခံများ စားသောက်ရေး ပိုမိုကြပ်တည်းလာနိုင်ပြီး အငတ်ဘေးကြုံတွေ့နိုင်ကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီသည် ဖားကန့်မြို့နယ်အတွင်းသို့ ဆန်နှင့်အတူ စက်သုံးဆီကားများကိုပါ နန့်ယားဂိတ်တွင် ပိတ်ပင်ထားခဲ့ရာ စက်သုံးဆီကားများကိုမူ နိုဝင်ဘာ ၅ ရက်နေ့မှစတင်ပြီး တစ်စီးလျှင် ငွေကျပ် ၃သိန်းအခွန်ပေးဆောင်ခိုင်း၍ ပြန်လည် ဖြတ်သန်းခွင့်ပြုထားသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ စိုးမိုးသော ဖားကန့်ဒေသတွင် ဆန် နှင့် ဆီ ဖြတ်တောက်မှုကို စစ်ကောင်စီက ယခုတစ်ခေါက် ပီပီပြင်ပြင် လုပ်ဆောင်နေကြောင်း သုံးသပ်သူများလည်း ရှိနေပါသည်။

Show More

Related Articles

Back to top button