သတင်း

ဗန်းမော်တွင် ၄ ရက်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် ၂၀၀ ကျော် ဖမ်းဆီးခံရ

ဗန်းမော်မြို့တွင် စစ်ကောင်စီက ၄ ရက်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် အစီး ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ စုစုပေါင်း ၄ ရက် ဆက်တိုက် ဗန်းမော်မြို့တွင် ဖမ်းဆီးမှုပြုလုပ်ခဲ့သည်ဟု ဗန်းမော်မြို့တွင်း အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

အရင်နေ့က ဖမ်းတဲ့ နေရာတွေမှာပဲ ဖမ်းတာ။ ၈ရက်နေ့ကတော့ နောင်ခို ရပ်ကွက်ဘက်မှာ ပိုပြီးဖမ်းတယ်။ ပထမနေ့ကတော့ မနက် ၈နာရီ ကနေ ညနေ သုံးနာရီ ထိ ဖမ်းတယ်။ နောက်ဆုံး ၃ ရက်နေ့ ကတော့ အချိန်ပြည့်တော့မဟုတ်ဘူး မနက်ပိုင်း ၁၁ နာရီလောက်ထိ ဖမ်းပြီး ညပိုင်းအသွားအလာများတဲ့ချိန်ပြန်ဖမ်းတာ။ နေ့ခင်းတော့မဖမ်းဘူးဟု ဆိုသည်။

စစ်ကောင်စီက ဗန်းမော်မြို့တွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးရာတွင် ဗန်းမော် ၂ မိုင်ရပ်ကွက်၊ နောင်ခိုရပ်ကွက်၊ ဗန်းမော် ၅မိုင် လမ်းမကြီးနဲ့ ၂မိုင် ရပ်ကွက်တို့ရှိ လူသွား လူလာများသည့် လမ်းမကြီးများတွင် ပိတ်ဆို့ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသော ဆိုင်ကယ်များအနက် စစ်ကောင်စီနှင့် နီးစပ်သည့် ပြည်သူများ၏ ဆိုင်ကယ်များကိုသာ ပြန်ရွေးခိုင်းကြောင်း ဒေသခံများထံ မှ စုံစမ်းသိရှိရသည်။

ကျ‌နော်တို့ သိရတာကတော့ ပြည်သူတွေဟာကတော့ ပြန်မပေးသေးဘူးလို့သိရတယ်။ သူတို့ရဲတို့ ထွေအုပ်တို့ပေါ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေဟာတော့ ပြန်ပေးတယ်။ ပြီးတော့ စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ ပြည်သူတွေပေါ့ သူတို့ဟာတော့ ၂သိန်း နဲ့ ပြန်ရွေးထခိုင်းတယ်တဲ့” ဟု ဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။

ဗန်းမော်မြို့တွင်း ဖမ်းဆီးထားသည့် ဆိုင်ကယ်များအနက် စစ်ကောင်စီ နှင့် ဆက်နွယ်သူများကို ကျပ် ၂သိန်းဖြင့် ရွေးခိုင်းနေသည်ဟု ဒေသခံများ ပြောဆိုသော်လည်း KNG အနေဖြင့် ကိုယ်တွေ့ ထုတ်ယူနိုင်ခဲ့သူများကို မေးမြန်းအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီက ယခုကဲ့သို့ လိုင်စင်မဲ့ ဆိုင်ကယ်များကို စိစစ် ဖမ်းဆီးနေမှုကြောင့် ဗန်းမော်မြို့တွင်း ပြည်သူများ အသွားအလာ ခက်ခဲနေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ယခုလအတွင်း မြစ်ကြီးနား၊ ဗန်းမော် နှင့် မိုးမောက်စသည့်မြို့များတွင် စစ်ကောင်စီက လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များ ဖမ်းဆီးမှု တင်းတင်းကြပ်ကြပ်ပြုလုပ်လာနေသည်။

Show More

Related Articles

Back to top button