တိုက်ပွဲသတင်း

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကချင်ပြည်နယ် ဖားကန့်မြို့ အနောက်ဘက်ခြမ်းရှိ ဆိုင်းတောင်၊ ကောင်ဆန့် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူ ၈၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့မှစပြီး စစ်ကောင်စီတပ်သည် တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ကာ စစ်ကြောင်းဖြင့်သွားလာရာတွင် အရပ်သား ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်နေသည်ဟု ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ဒီနေ့ မနက် ၈ နာရီကနေ အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကြောင်းက ကျောက်သွေးတောင်ကနေ အဲ့ဒီဆိုင်းတောင် ယူမာဘက်ကို ဆင်းသွားတယ်။ ပြည်သူတွေဘက်အကာအကွယ်ယူပြီး သွားလာနေတာ။ ဆိုင်းတောင် တံတားထိပ်မှာတင် ၃၀ ကျော် ဖမ်းခံရတယ်။ ပြီးတော့ သူတို့စစ်ကြောင်းထိုးတဲ့တစ်လျှောက် လမ်းမှာတွေ့သမျှလူတွေကိုလည်း ဖမ်းတယ်။ ကောင်ဆန့် ကရင်ချောင်တစ်လျှောက်က လမ်းမှာတွေ့သမျှကို ဖမ်းပြီး လူသားဒိုင်းလုပ်နေတာ ၈၀ ကျော်လောက်ဖမ်းခံရပြီဟု ပြောသည်။

စစ်ကောင်စီသည် နိုဝင်ဘာလ ၂၃ ရက်နေ့ကတည်းက ကရင်ချောင်ကျေးရွာအနီး ကျောက်စိမ်းလုပ်သား ၃၀ ကျော်ကို စတင်ဖမ်းဆီးပြီးနောက် ညပိုင်းတွင် ကရင်‌ချောင်ကျေးရွာအတွင်းမှ ပြည်သူ ၂၀ ဦးကျော်ခန့်ကို ထပ်မံဖမ်းဆီးခဲ့သည်။ ထို့အပြင် နိုဝင်ဘာ ၂၅ ရက်နေ့နှင့် ယနေ့ နံနက်ပိုင်းအထိ ဆက်လက်ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၈၀ ကျော်အထိ ဖမ်းဆီးခံထားရပြီဟု ဖားကန့် မမုံကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ဖမ်းတာဆီးတာတွေလည်း အများကြီးရှိတယ်။ အသက်ကြီးပိုင်းတွေလည်းပြန်လွတ်လာတယ်။ ဘယ်နှစ်ယောက်ထိ ပြန်လွတ်ပေးပြီဆိုတာတော့မသိရသေးဘူး လူငယ်လူလတ်ပိုင်းတွေအဓိကဖမ်းတယ် သူတို့ရဲ့အထုပ်အပိုးတွေ သယ်ခိုင်းတယ် တချို့လည်း အလွတ်ပဲခေါ်နေတာ သူတို့ကကြောက်လို့ပြည်သူကို ကာဗာလုပ်ချင်တဲ့သဘောပါဟုမမုံကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းစစ်ကောင်စီစစ်သားများသည် ယမန်နေ့ညက ကရင်ချောင်နှင့် ပင့်တင့်ကျေးရွာဘက်တွင် တပ်ဖြန့်ကာ ညအိပ်တပ်စွဲခဲ့ပြီး ယနေ့ နံနက်ပိုင်း ကျောက်သွေးတောင်ကျေးရွာကို စတင်ဝင်ရောက်ပြီး နေ့လည်ပိုင်းတွင် ဆိုင်းတောင်ကျေးရွာဘက်သို့ ရောက်ရှိလာခဲ့ပြီး ယူမာသို့ စတင်ထွက်ခွာသွားကြောင်း ဖားကန့်မြို့တွင်းဘက်သို့လမ်းကြောင်းဦးတည်နေကြောင်း ဒေသခံများထံမှ သိရသည်။

သူတို့က အခုနေ့လည်ပိုင်းမှာ ဆိုင်းတောင်ဘက်ရောက်နေပြီး အဲ့ဆိုင်းတောင်ကနေ ယူမာလမ်းကြောင်း ဘက်ကနေတဆင့် ဖားကန့်မြို့ထဲဝင်မယ့်ပုံရတယ်။ မနက်ကလည်း ဆိုင်းတောင်ဘက်က စခန်းတွေမှာ စစ်သား ၃၀ လောက်ချထားတယ်တဲ့အဲ့လိုပဲ တချို့စစ်သားတွေလည်း ဆိုင်ရာ ဆိုင်ရာ တပ်စခန်းတွေမှာ စခန်းတွေမှာ နေခဲ့တာ ရှိတယ် မနက်က အင်အား ၃၀၀ ကအခု ၃၀၀ တော့မရှိတော့ဘူး။ ၁၀၀ ကျော် ၂၀၀ နီးပါးလောက်ပဲရှိတော့တယ်တဲ့ သူတို့က လမ်းမကြီးတိုင်းမသွားဘူး ရွာတွေမှာဝင်ပြီး အိမ်ကြားလမ်းတွေ ရပ်ကွက်လမ်းကြားတွေကနေဖြတ်ဖြတ် သွားတာတဲ့ဟုဖားကန့်မြို့မှ အမျိုးသားတစ်ဦးကပြောသည်။

တစ်ရွာဝင်တစ်ရွာထွက် လည့်လည်နေသည့် ယင်းစစ်ကြောင်းသည် လူနေရပ်ကွက်များတွင် ဝင်ရောက်ကာ လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းကလည်း ဆိုင်းတောင် အမှတ် (ရပ်ကွက်တွင် လက်နက်များ ရမ်းသမ်းပစ်ဖောက်မှုကြောင့် ပြည်သူများ ကြောက်လန့်ထွက်ပြေးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီသည် ဖားကန့်အနောက်ဘက်ခြမ်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDFတို့နှင့် တိုက်ပွဲပြင်းထန်ခြင်း မရှိသော်လည်း အင်အားအလုံးအရင်းဖြင့် လှည့်လည်စစ်ကြောင်းထိုးနေပြီး အရပ်သားများကို အကြောင်းမဲ့ ဖမ်းဆီးနေခြင်း ဖြစ်သည်။

ကောင်စံကျေးရွာတွင် နိုဝင်ဘာခ ၂၃ ရက်နေ့ကလည်း အရပ်သားများစီးနင်းလာသည့် အိမ်စီးကားတစ်စီး ကို စစ်ကောင်စီက ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Show More

Related Articles

Back to top button