သတင်း

အင်းတော်နယ် နတ်မဟုတ်ကြီးကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၈ ဦးလည်း ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာတွင် လူနေအိမ်များ မီးရှို့ဖျက်ဆီးခံနေရပြီး အရပ်သားပြည်သူ ၉ ဦးခန့်လည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများမှသိရသည်။

စစ်အင်အား ၈၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်များက နိုဝင်ဘာလ ၂၇ ရက်နေ့ နတ်မဟုတ်ကြီးကျေးရွာတွင် ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းမှစတင်ကာ နေအိမ်များမီးရှို့ဖျက်ဆီးခဲ့သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

သူတို့က မနေ့ညကတည်းကနေ ရွာကိုဝင်ပြီးတော့ ရွာသားတွေကိုဖမ်းထားတယ်။ ဒီမနက်မှာတော့ ၈ နာရီလောက်မှာ နေအိမ်တွေကို ပြန်ရှို့တယ်။ ၁၁ နာရီလောက်အထိကတော့ နေအိမ် ၃ လုံးရှို့ပေးလိုက်ပြီဟုပြောဆိုသည်။

လက်ရှိ နေအိမ်မီးရှို့ခံရမှုသည် ဒလံသတင်းပေးမှုကြောင့် ဖြစ်သလို အရပ်သားပြည်သူ ၈ ဦးလည်း ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု ဆက်ဆိုသည်။

အခု ဖမ်းဆီးခံထားရတဲ့သူတွေက အမျိုးသားတွေကြီးပဲ။ ဖမ်းခံရတာလဲ ဒလံကြောင့်ပဲ  လက်ညိုးထိုးပြီး ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုပြီးကို တိုင်ခံရတာ။ ပြီးရင် ဖမ်းခံရတဲ့သူတွေကို ရိုက်နက်မေးမြန်းတယ်ဟုဆိုသည်။

နတ်မဟုတ်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်သည် အနီးရှိသည့် ကမ်းနီကျေးရွာဘက်သို့လည်း စစ်ကြောင်းဆက်လက်ထိုးနေပြီး စစ်ကြောင်းထိုးလာစဉ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုလည်းသိရသည်။

အဆိုပါ နတ်မဟုတ်ကျေးရွာမှာ အင်းတော်မြို့၏ တောင်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၅၀၀ ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်။

စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေသည့်အပြင် နေအိမ်များမီးရှို့ခံရမှုကြောင့် လူဦးရေ ထက်ဝက်ခန့်က လက်ရှိတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများပြောသည်။

အင်းတော်နယ်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့၏ လက်ချက်ဖြင့် မီးရှို့ခံရသည့် ပြည်သူပိုင်နေအိမ်များ ၁၀၀ ကျော်အထိရှိလာဖြစ်သည်ဟု အင်းတော် PDF အဖွဲ့ပြောဆိုသည်။

Show More

Related Articles

Back to top button