သတင်း

ဖားကန့်တွင် ​မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

ဖားကန့်မြို့နယ် မှော်ဆီစာကျေးရွာအနီးတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၂၈ ယနေ့နံနက်ပိုင်း ၃ နာရီဝန်းကျင် မှော်ဆီစာအနီးရှိ အမြင့်ပေ ၃၀၀ ခန့်ရှိသည့် မြေစာပုံတစ်ခုပြိုကျမှုဖြစ်ပွားခဲ့သည်ဟု နီးစပ်ရာ ရေမဆေးသမားတစ်ဦးက KNG ကိုပြောသည်။

မြေစာတင်တဲ့ကားက မြေစာလာသွန်းတဲ့အချိန် ပြိုကျလာတာ အောက်မှာက ရေမဆေးရှာတဲ့သူတွေထဲက ၂ ယေက်ပါသွားတယ်။ တစ်ယောက်ကတော့ ခါးပြတ်သွားတယ်။ တစ်ယောက်ကတော့ အဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ အလောင်းကိုတော့ မနက် ၇နာရီလောက်မှာ နာရေးကူညီရေးအသင်းတွေက လာသယ်သွားတယ်ဟုပြောဆိုသည်။

မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွားသည့် ရေမဆေးသမားသည် အသက် ၃၀ နှစ်အရွယ်ရှိသူဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။

ဖားကန့်ကျောက်စိမ်းဒေသရှိ မှော်ဆီစာ၊ မမုံ၊ မက်လင်ချောင် စသည့်နေရာများတွင်ရှိသည့် ကျောက်စိမ်းလုပ်ကွက်များတွင် ညဘက်အချိန် ကျောက်စိမ်းတူးဖော်မှုများ ပုံမှန်ရှိနေဆဲဖြစ်ကြောင်း ဖားကန့်ဒေသခံများပြောသည်။

ပြီးခဲ့သော အောက်တိုဘာလ ၁ ရက်နေ့တွင် ဆိပ်မူကျေးရွာအုပ်စု မိုးကာကျေးရွာတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာတွင် ရေမဆေးသမား ၂ ဦး သေဆုံးဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button