သတင်း

လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ

မိုးမောက်မြို့နယ် လုံဂျာရွာနှင့် နောင်ပေါင်းကျေးရွာမှ လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်နေသောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပြီး စစ်သားများနှင့်အတူ နေထိုင် နေရသည်ဟု သိရသည်။

စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တို့ကြား တိုက်ပွဲကြောင့် လုံဂျာရွာနှင့် နောင်ပေါင်း ကျေးရွာရှိ ဒေသခံပြည်သူ ၁၀၀၀ နီးပါးသည် အောက်တိုဘာလမှ စတင်ကာ မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးခဲ့ရာ လူမရှိသည့်နေအိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီ စစ်သားများက ခြိမ်းခြောက်နေသောကြောင့် စစ်ရှောင်များသည် စစ်သားများနှင့်အတူ နေရပ်ပြန် နေထိုင်နေရသည်ဟု မိုးမောက်မြို့ မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

စစ်သားတွေ ကိုယ်တိုင်လာပြောတာ ပြန်မလာရင် အိမ်မီးရှို့မယ်ဆိုတော့ပြန်သွားရတယ် အခုစစ်သားတွေက အဲ့နှစ်ရွာလုံးမှာရှိတယ်။ အိမ်တိုင်းမှာရှိတယ် အိမ်ရှင်တွေနဲ့ရောပြီးနေနေတာ ကြောက်လန့်တကြီးနေ နေရတာပေါ့ဗျာ ပြည်သူတွေကတော့” ဟု ပြောသည်။

စစ်ကောင်စီ စစ်သားများသည် မိုးမောက်မြို့ပေါ် စစ်ရှောင်စခန်းအထိ ရောက်လာပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား အိမ်ပြန်ကြရန်နှင့် ပြန်မလာပါက နေအိမ်မီးရှို့မည်ဟု ခြိမ်းခြောက်သဖြင့် ဒေသခံအများစု ထိုရက်မတိုင်မှီ နေရပ်ပြန်ကြပြီ ဖြစ်သည်။

လက်ရှိ စစ်ကောင်စီတပ်သည် ရွာသားများနှင့်တူ ရောနှောကာ ကျေးရွာအတွင်း တပ်ချနေထိုင် နေသည်ဟု သိရသည်။

တိုက်ပွဲကတော့မရှိပါဘူး ဒါပေမယ့် စစ်သားတွေက တပ်ချိန်းနေ့တိုင်းရှိတယ်။ စစ်သားအပြောင်း အလဲလုပ်တာ မိုးမောက်မြို့ထဲကဟာ ဒီဘက်လာ ဒီဘက်ကဟာ မိုးမောက်မြို့ထဲသွားတာ၊  သူတို့ရှိတယ်ဆိုတာပြချင်တာလားမသိဘူး၊ တစ်နေ့တစ်ကြိမ် ပြောင်းနေတာတစ်ရက်ကို ၁၀၀ လောက်တော့လှုပ်ရှားတယ်။ ပြီးတော့ လယ်တောတွေ ရွာပတ်ဝန်းကျင်တွေမှာ အမြဲတမ်းလှည့်တယ် ရွာသားတွေက သူတို့နဲ့တစ်အိမ်ထဲနေ နေရတော့ ကြောက်ကြတာပေါ့ဟု မိုးမောက် ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

လုံဂျာရွာနှင့် နောင်ပေါင်းရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်စီရှိကြပြီး လက်ရှိ ထိုကျေးရွာ နှစ်ရွာတွင် စစ်အင်အား ၄၀၀ ကျော်အထိ ပုံမှန်ရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လုံဂျာဘွမ်တောင်ရှိ KIA နှင့် PDF တို့၏ အခြေစိုက်စခန်းများကို သိမ်းပိုက်လိုသည့်အတွက် အောက်တိုဘာ လကုန်းပိုင်းမှ စတင်ကာ ကုန်းကြောင်း၊ လေကြောင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း နေ့စဥ် ပစ်ကူတိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခြင်းမရှိသည့်အတွက် တောင်ခြေတွင်သာ တပ်စွဲ နေထိုင်နေခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button