သတင်း

ဖမ်းဆီးသွားသည့် ရွှေကူဒေသခံ ၁၃ ဦးအနက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသာ မိသားစုနှင့် အဆက်သွယ်ရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဆင်တပ်ကျေးရွာတွင် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ၁၃ ဦးကို လက်ရှိအချိန်ထိ ပြန်လွတ်ပေးခြင်း မရှိသေးသည့်အပြင် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ‌၁ ဦးသာ မိသားစုဝင်များနှင့် အဆက်သွယ်ရသေးကြောင်း သိရသည်။

နိုဝင်ဘာ ၂၃ ရက်နေ့ ဆင်တပ် ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင် ရောက်လာသည့် စစ်အင်အား ၅၀ ကျော်က ဆင်တပ် ဒေသခံ ၁၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ ချိန်ထိ ပြန်လွတ်ပေးခြင်း မရှိသေးကြောင်း ရွှေကူမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

”အားလုံး တစ်ရက်ထဲမှာပဲ ဖမ်းခံလိုက်ရတာ ဟုတ်တယ် ဒလံသတင်းပေးလို့ဖမ်းခံလိုက်ရတဲ့ပုံစံမျိုးပဲ။ နေအိမ်တွေမှာ ဝင်ဖမ်းသွားတာ ၁၀ ရက်တော့ကျော်နေပြီ ပြန်မလွတ်သေးဘူး။ လူကြီးပိုင်းတွေကိုတော့ ရွှေကူတပ်ထဲမှာထားတယ်လို့သိရတယ်။ ၁၃ နှစ်အရွယ်တစ်ယောက်ကတော့ ရဲ အချုပ်ခန်းထဲမှာတဲ့”ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

၁၃ နှစ်အရွယ် မောင်ဖိုးချစ် ဆိုသောကလေး၏ နေအိမ်အတွင်းသို့ စစ်သားများဝင်ရောက်လာစဥ် ယင်းကလေးနှင့် ရင်းနှီးသည့် PDF တစ်ဦးက ဖုန်းဆက်လာရာမှ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

”သူက ကလေးဆိုတော့ဖုန်းနဲ့ ဂိမ်းဆော့နေတာ စစ်သားတွေရောက်လာတော့ သူ့ဖုန်းကို ဟိုဘက်က နဲ့ ဖုန်းခေါ်လာတာအဲ့မှာ ကလေးကို PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီးဖမ်းခေါ်သွားတာ”ဟု ဒေသခံတစ်ဦး က ပြောသည်။

ဖမ်းဆီးခံရသည့် သက်ကြီးပိုင်း ၁၁ ဦးတွင် ကုန်စိမ်းရောင်းသည့် အမျိုးသမီး ၃ ဦးနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားများ ပါဝင်ပြီး PDF သတင်းပေးနှင့် ထောက်ပို့ လုပ်ကိုင်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖမ်းဆီးသွားသည် ဒေသခံများကို ယနေ့ထိ မိသားစုဝင်များနှင့် လည်း ဆက်သွယ်ခွင့်မပေးသေးကြောင်း စုံစမ်းသိရှိရသည်။

Show More

Related Articles

Back to top button