တိုက်ပွဲသတင်း

ဖားကန့် မှော်ဘုံကျေးရွာ စစ်ကောင်စီဝင်ရောက်စီးနင်းမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာကို စစ်ကောင်စီတပ်အဖွဲ့ စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သောကြောင့် ပစ်ခတ်မှုများရှိခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ၅ ရက် ယနေ့  မွန်းလွှဲပိုင်း ၄ နာရီဝန်းကျင် စစ်အင်အား ၈၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီအဖွဲ့ သည် မှော်ပုံကျေးရွာကို သေနတ်များ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF အဖွဲ့တို့ကြား ၂ဖက်တပ်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦး KNG ကိုပြောသည်။

၄ နာရီခွဲကတည်းက စစ်သားတွေ အဲ့မှော်ဘုံမှာကို ဝင်စီးနေတာဟုတ်တယ်။ အဲ့မှာ KIA နဲ့ PDF တွေရွာထဲမှာရှိတယ် ကြားလို့ဝင်စီးတာလို့သိရတယ်။ အဲ့ကြောင့် ၂ ဖက်ပစ်ခတ်မှုရှိခဲ့တယ် အသေးစိတ်တော့ မသိရသေးဘူးဟုပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ၁ နာရီခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ ထိခိုက်မှုရှိမရှိ KNG သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီအဖွဲ့သည် ပြီးခဲ့သော နိုဝင်ဘာလ ၂၅  ရက်နေ့နောက်ပိုင်းမှ ဖားကန့်မြို့နယ်ရှိ ကောင်စံ၊ သောင်းကော့၊ ကရင်ချောင်းကျေးရွာများတွင် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ၈၀ ကျော်ကိုလည်းဖမ်းဆီးခဲ့သည်။

ထို့နောက် ဖားကန့်ဒေသအတွင်းရှိ KIA နှင့် PDF အဖွဲ့ရှိသည်ဟု ယူဆရသည့် ကျေးရွာနေရာများကို ယခုကဲ့သို့ အင်အားသုံးဝင်ရောက်စီးနင်းမှုများရှိနေသည်။

Show More

Related Articles

Back to top button