သတင်း

KBC ဥက္ကဋ္ဌဟောင်း Rev. Dr. Hkalam Samson မန္တလေး လေဆိပ်တွင် ဖမ်းဆီး ခေါ်ဆောင်ခံရ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း၊ လက်ရှိ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ ဒေါက်တာ Hkalam Sam Son ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် မန္တလေး လေဆိပ်တွင် စစ်ကောင်စီအဖွဲ့ က စစ်ဆေးရန်အတွက် ခေါ်ဆောင်သွားကြောင်း သိရသည်။

Rev. Dr. Hkalam Sam Son အပါအဝင် ၃ ဦးသည် ထိုင်းငံဘန်ကောက်သို့ အလုပ်ကိစ္စတစ်ခုဖြင့်သွားရန် ယမန်နေ့ မြစ်ကြီးနားမှ ထွက်ခွာခဲ့ကြပြီး ယနေ့ နံနက် မန္တလေးလေဆိပ်တွင် ဒေါက်တာ ခလမ်ဆမ်ဆွမ် တစ်ဦးတည်းကိုသာ စစ်ဆေးမေးမြန်ရန် ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားသည်ဟု KBC နှင့် နီးစပ်သူ တာဝန်ရှိသူတစ်ဦး KNG ကို ပြောသည်။

သူ့ကို ခေါ်သွားတာက ၉ နာရီလောက်မှာဟုတ်တယ်။ လေယာဉ်ကွင်း လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အချိန်ခေါ်သွား တာဟုတ်တယ်။ သူနဲ့ ပါသွားတဲ့ ၂ ယောက်က လေယာဉ်စီးသွားပြီ။ ဆရာတစ်ယောက်ကိုပဲ ခေါ်သွားတာ။ ကျန်တာက အသေးစိတ်မသိရသေးဘူး။ စုံစမ်းနေဆဲဖြစ်တယ်ဟု ပြောဆိုသည်။

လက်ရှိ သိက္ခာတော်ရ ဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ ခေါ်ဆောင်းသွားမှုနှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေးသလို မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကိုလည်း မသိရကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဆရာတော်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တွင် အတွင်းရေးမှုးအဖြစ် ၈ နှစ်၊ ဥက္ကဋ္ဌအဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်တွင် သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် မြန်မာပြည်တွင် စစ်တပ်က ခရစ်ယာန်များကို နှိပ်ကွပ်နေကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုင်းရင်းသားလက်နက်ကိုင်များက တပ်မတော်ကို တိုက်ခိုက်နေကြောင်း ဖော်ပြခဲ့ပြီးနောက် မကြာခင် ဩဂုတ်လ ၈ ရက်နေ့ တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဒုတိယဗိုလ်မှူးကြီး သန်းထိုက် မှ တရားလိုပြုလုပ်ကာ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၀၀ အရ မြစ်ကြီးနား မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ သို့သော်လည်း စက်တင်ဘာလ ၉ ရက်နေ့တွင် အမှုပြန်လည် ရုပ်သိမ်းခဲ့သည်။

Show More

Related Articles

Back to top button