သတင်း

ထီးချိုင့် တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင် တစ်သောင်းကျော်အတွက် အကူညီများစွာ လိုအပ်နေ

တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီက ဒေသခံများ၏ နေအိမ်ကို မီးရှို့ ဖျက်ဆီးနေသည့်အတွက် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရပြီး ထိုသူများအတွက်အစားအသောက် အဝတ်အထည်များစွာ အကူညီလိုအပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်မှ ရွာစဥ် မီးပတ်ရှို့‌နေခြင်းဖြစ်သည်ဟု ဒေသခံများ ပြောသည်။

ထို့ကြောင့် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆောင်နှင့် ဆေးဝါးအကူညီများလိုအပ်နေသည်ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

ရှောင်နေရတာက ရွာပေါင်း ၂၀ လောက်ရှိတယ်၊ အခုကျနော်တို့က တစ်ခြား မရှောင်ရတဲ့ ရွာတွေကနေ အလှူခံပြီး စားနပ်ရိက္ခာပိုင်းရော၊ အဝတ်အထည်၊ ခြင်ထောင် အကုန်ရတာအလှူခံပြီး ထောက်ပံ့ပေးနေတာ။ လောလောဆယ်အထိတော့ တောင့်ခံနိုင်ပေမဲ့ ‌‌ရေရှည်ကျမလွယ်ဘူးပေါ့၊ တော်တော်ခက်ခဲလာနေတယ်ဟု စစ်‌ရှောင်ကူညီနေသူတစ်ဦးကဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ မီးရှို့ဖျက်ဆီးလိုက်သည့် လူနေအိမ်များ

လက်ရှိ စစ်ရှောင်များသည် နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းများ၊ တောတောင်များတွင် တိမ်းရှောင်နေကြရသည့်အပြင် ကိုယ်ဝန်ဆောင်များ၊ လသားအရွယ်ကလေးငယ်များ၊ ကျန်းမာ‌‌ရေးမကောင်းသူများ၊ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခြေခံဆေးဝါးများလည်း လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ကိုယ်ဝန်ဆောင်အရေအတွက်က ကိုယ်ဝန်အရင့်အမာဘဲကို ၂၀ ဝန်းကျင်တွေ့ခဲ့ရတယ်။ ကလေးငယ်တွေဆို လသားအရွယ်ကို အများကြီးပဲ အလယ်တောရွာက တစ်ယောက်ဆို အပြေးအလွှားမီးနေ ဝင်လိုက်ရတယ်။ မွေးထားတာ ၇ ရက် မပြည့်သေးတာပေါ့။ အဲ့မျိုးတွေတောင်ပါတယ် လောလောဆယ် စေတနာ့ဝန်ထမ်းတွေနဲ့ ဆရာဝန်အချို့တော့ ရှိနေပါတယ်။ ဆေးဝါးအကူညီတွေကတော့ စစ်‌ရှောင်များတာကြောင့် လိုအပ်နေပါတယ်” ဟု စစ်ရှောင် ကူညီနေသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီက ထီးချိုင့်မြို့နယ်သို့ ဝင်ရောက်လာသည့် နိုဝင်ဘာလ ၂၅ ရက်‌နေ့ မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ၉ ရက်အတွင်း ကျေးရွာပေါင်း ၇ ရွာမှ အိမ်ခြေ ၄၇၃ လုံးကို မီးရှိုခဲ့ပြီး နှစ်ဘက်တိုက်ပွဲများ  ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ယမန်နေ့ ၉ နာရီဝန်းကျင်တွင်လည်း KIA PDF ၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များ ၁ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။ သို့သော် နှစ်ဘက်ကျဆုံးမှု အခြေနေကို အတည်မပြုနိုင်သေးကြောင်း ဒေသကာကွယ်‌‌ရေး တပ်ဖွဲ့များ ပြောသည်။

ထီးချိုင့်မြို့နယ်တွင် စစ်ကြောင်းထိုး ဝင်ရောက်နေသည့်တပ်ဖွဲ့မှာ တပ်မ ၈၈ လက်အောက်ခံ ခမရ၄၆၁ တပ်ရင်းဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သောကြောင့် လေကြောင်းမှ တိုက်ခိုက်မှု ၄ ကြိမ်အထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button