သတင်း

ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာ တတိယအကြိမ်မြောက် မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပင်သာကျေးရွာကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ယနေ့ နံနက် ၇ နာရီဝန်းကျင်မှ စတင်ကာ မီးရှို့ခဲ့သည်ဟု ဒေသခံများပြောသည်။

စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ပင်သာရွာအနီးတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ကျေးရွာကို မီးရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဒီမနက် ၇ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ဝင်ပြီး မီးရှို့နေတာပါ။ ဒီနေ့က ရာသီဥတု လေက အရမ်းတိုက်နေတာ မီးကတော်တော်လေးကိုများပါတယ်။ သူတို့ပတ်ချာလည်ကို လှည့်ပတ်ပြီး အကြောင်းမဲ့ မီးရှို့နေတာပါ“ ဟု ပင့်သာရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဝင်ရောက်မီးရှို့နေသည့်အတွက် အိမ်ခြေ ၆၀၀ ကျော်ရှိသည့် ပင့်သာကျေးရွာမှ ဒေသခံ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာ ကျေးရွာများနှင့် နီးစပ်ရာ တောများသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သူက ဆက်ပြောသည်။

ပင့်သာကျေးရွာကို စစ်ကောင်စီက သြဂုတ်လ ၁၇ ရက်နေ့တွင်တစ်ကြိမ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တစ်ကြိမ် မီးတင်ရှို့ခဲ့ပြီး နေအိမ် ၃၇ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ရသည်။ ယခုတစ်ကြိမ်မှာ မီးရှို့ခံရမှု ၃ ကြိမ်မြောက်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဟုမ္မလင်းတပ် ခမရ၃၆၉၊ ကလေးအခြေစိုက် ခမရ၃၆၁ နှင့် ဒေသတွင်း ပျူစောထီး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ထံမှ သိရသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်များသည် ယမန်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ပင့်သာကျေးရွာနှင့် ၄ မိုင်အကွာရှိ ချောင်းကြား ကျေးရွာကိုလည်း မီးတင်ရှို့ခဲ့ပြီး နေအိမ် ၈ လုံးနှင့် စပါးကျီများ မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

Show More

Related Articles

Back to top button