သတင်း

မိုးမောက် လုံဂျာဘွမ်ဘက်သို့ စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်

မိုးမောက်မြို့နယ် လုံဂျာဘွမ်ဘက်သို့ စစ်ကောင်စီတပ်က ယမန်နေ့ညတွင် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

KIA မိုးမောက်အရှေ့ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA စခန်းရှိသော လုံဂျာဘွမ်ဘက်သို့ မိုးမောက်မြို့တွင်း အခြေချထားသည့် ခမရ ၄၃၇ တပ်ရင်း မှ လက်နက်ကြီးများ ၁၀ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မိုးမောက် ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

မနေ့ည ၁၂ နာရီတိတိမှာ ပစ်တာဟုတ်တယ်။ ၄၃၇ တပ်ကနေပစ်တာ နန့်စိုင်ရွာဘက်နဲ့ လုံဂျာရွာဘက်တွေမှာပစ်တာ ၁၀ ချက်ကျော်တယ်ဗျ ကျနော်တို့ဆို ညကြောက်လို့ အိပ်တောင် မအိပ်တော့ဘူး တိုက်ပွဲများဖြစ်လားပေါ့ဟု ပြောသည်။

စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် လုံဂျာတောင်ခြေတစ်ကြောရှိ လုံဂျာရွာ၊ နောင်ပေါင်းရွာနှင့် နန့်စိုင် ကျေးရွာများတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ပြည်သူများ၏ ထိခိုက်မှု မြေပြင်အခြေအနေ အသေးစိတ် မသိရှိရ သေးပါ။

တိုက်ပွဲဖြစ်တာတော့မရှိဘူးဗျ။ ဒီတိုင်းပဲရမ်းပစ်တာ လုံဂျာဘက်လည်း လက်နက်ငယ်သံတွေ ဘာမှမကြားရဘူး။ သူတို့ရှိနေတယ်ဆိုတာ အချက်ပြတဲ့သဘောနဲ့ပစ်တာထင်တယ်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့မှစတင်ကာ လုံဂျာဘွမ်ကို ကုန်းကြောင်း၊ လေကြောင်းဖြင့် စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ခါနန်ရပ်ကွက် ၃ မှ အမျိုးသား၂ ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ခါနန်ရပ်ကွက်ရှိ မူကြိုကျောင်းအတွင်း လက်နက်ကြီးတစ်လုံး ပေါက်ကွဲခဲ့သောကြောင့် ကျောင်းအဆောက်အဦးများ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

Show More

Related Articles

Back to top button