သတင်း

ပူတာအိုဒေသကို ထိန်းသိမ်းကာကွယ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောဆို

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်းက ပူတာအိုဒေသသည် စိုက်ပျိုးရေနှင့်မွေးမြူရေး၊ ခရီးသွားလုပ်ငန်းများလုပ်ဆောင်ရန် ကောင်းမွန်သည့် ဒေသခံတစ်ခုဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးစေမည့် လုပ်ရပ်များကို ရှောင်ကျဉ်ကြရန် ပြည်သူတစ်ချို့ကိုပြောဆိုသွားကြောင်းသိရသည်။

အပြန်လမ်းဖြစ်သည့် ပူတာအိုလေယာဉ်ကွင်းအရောက်တွင် သွားရောက်ပို့ဆောင်ခဲ့သည့် ရိုးရာအဖွဲ့နှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်ဖွဲ့တို့ကို သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များပျက်သုဉ်းစေမည့် လုပ်ရပ်များ ကာကွယ်ကြရန် ပြောဆိုခဲ့သည်ဟု ပူတာအိုဒေသခံတစ်ဦး KNG ကိုပြောသည်။

ပြည်သူတွေနဲ့တွေ့ဆုံတာမျိုးတော့မရှိခဲ့ဘူး။ အားလုံးက တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် မတွေ့ပဲ ပြန်သွားလိုက်တယ်။ လယ်ယဉ်ကွင်းမှာတော့ ရိုးရာအဖွဲ့နဲ့ အသေးစားလုပ်ငန်းရှင်အဖွဲ့တွေနဲ့ မိနစ် ၂၀ လောက်တွေ့ကြတယ်။ အဲ့မှာက ပူတာအိုဒေသမှာ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတွေ၊ နောက်ခရီးသွားလာရေးတွေ ကောင်းမွန်တဲ့ ဒေသဖြစ်တဲ့အတွက် ဂေဟစနစ်ပျက်စီးလာမယ့် လုပ်ရပ်မျိုးတွေ ကာကွယ်ကြဖို့ပြောသွားတယ်။ သလောက်ပဲ ပြောသွားတယ်ဟုပြောဆိုသည်။

ယနေ့နံနက် ၈ နာရီဝန်းကျင် ပူတာအို မြို့တော် စည်ပင်ခန်းမတွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာအသီးသီး၊ ရိုးရာနှင့် စာပေယဉ်ကျေးမှုအဖွဲ့၊ အသေးစားလုပ်ငန်းရှင်များနှင့် ဘာသာရေးအဖွဲ့တို့သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ဘဲ တက်ရောက်လာသူများက စောင့်ဆိုင်းခဲ့ရသည်ဟုလည်း သိရသည်။

မနေ့ညလည်း ၆ နာရီလောက်မှာ ပြည်သူတွေနဲ့ တွေ့မယ်ဆိုပြီး မတွေ့လိုက်ရဘူး။ အဲ့လိုပဲ ဒီမနက်လည်း ၈ နာရီခွဲလောက်မှာ တွေ့မယ်ဆိုပြီး တမနက်လုံးစောင့်နေကြတာ ရောက်မလာဘူး ပြန်သွားလိုက်တယ်။ ပြည်သူတွေကိုတော့ သူနဲ့တွေ့ဖို့ အစာငတ်ခံပြီး စောင့်ခိုင်းထားခိုင်းတာ တမနက်လုံးပဲ တစ်ချို့က စိတ်မကောင်းဖြစ်နေကြတယ်ဟုသတင်းအရင်းအမြစ်ကဆက်ပြောသည်။

စစ်ကောင်စီအဖွဲ့၏ သက်ဆိုင်ရာတာဝန်ရှိသူများက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒေသခံများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောဆိုထားသည့်အတွက် ဒေသခံ ၂၀၀ ဝန်းကျင်ခန့်က သွားရောက်စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

ဒေသခံပြည်သူများတစ်ချို့က စစ်တပ်ကအာဏာသိမ်းပြီးနောက် ပူတာအိုဒေသတွင် သယံဇာတတူးဖော်မှုများ ပိုမိုများပြားလာသည့်အပေါ် ရပ်တန့်ပေးရန်၊ စိုက်ပျိုးရေးလုပ်ငန်များအတွက် ကူညီပံ့ပေးရန်၊ လျှပ်စစ်မီးလုံလောက်အောင် လုပ်ဆောင်ပေးရေး စသည့်အချက်များတောင်းဆိုရန် ပြင်ဆင်ထားခဲ့သော်လည်း တင်ပြခွင့်မရရှိခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်း ၇ နာရီခန့်တွင် ကောင်းမှုလုံဘုရားနှင့် ရဝမ်အမျိုးသားပြတိုက် ၂ နေရာတွင် သွားရောက်လည်ပတ်ခဲ့ပြီး နေ့လည် ၁၂ နာရီနာဝန်းကျင်တွင် နေပြည်တော်သို့ စစ်တပ်လေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး ပူတာအိုမြို့ သို့ ညနေပိုင်း ၆ နာရီတွင် ရောက်ရှိခဲ့ကြောင်း ဒေသခံများပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းယူလိုက်သည့် နောက်ပိုင်း ပူတာအိုဒေသသို့ လာရောက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ယခုတစ်ခေါက်မှသာ ရုတ်တရက်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button