သတင်း

ထီးချိုင့်တွင် ကျေးရွာမီးရှို့ခဲ့သော စစ်ကောင်စီတပ် အင်းတော်သို့ ဝင်ရောက်လာသဖြင့် ဒေသခံများ စိုးရိမ်

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိအင်းတော်မြို့နယ်သို့ ဝင်ရောက်လာသောကြောင့် ကျေးရွာများ ထပ်မံ မီးရှို့ဖျက်ဆီးမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

ယခုလဆန်းပိုင်းက ထီးချိုင့်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ နေအိမ်ပေါင်း ၅၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သော အင်အား ၁၇၀ ပါ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အင်းတော်မြို့နယ် တောင်ဘက်ပိုင်းသို့ ဝင်ရောက်လာခဲ့သည်ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ကျွန်တော်တို့ဘက်ကနေ ပြည်သူတွေကို ကြိုတင်သတိပေးချက်တော့ ထုတ်ပြန်ထားတယ်။ ဒီလိုမျိုး ထုတ်ပြန်တာက ကျွန်တော်တို့လည်း နည်းနည်းသတင်းတွေကြားထားလို့ ဒီအင်းတော်ကိုလည်း ထီးချိုင့်ကိုလုပ်ခဲ့သလိုမျိုး မီးရှို့တာတွေ လုပ်မယ်။ သူတို့ရဲ့ဗျူဟာက မီးရှို့တဲ့ဗျူဟာကိုသုံးမယ် ဆိုပြီးကြားထားတယ်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်းတော် PDF က သတိပေးထုတ်ပြန်ရာတွင် ဆန်၊ စပါး၊ ထွန်စက် စသည့်တန်ဖိုးကြီးပစ္စည်းများကို နေရာရွေ့ထားရန်၊ အရေးကြီးပစ္စည်းများကို အလွယ်တကူသယ်ဆောင်နိုင်ရန် ထုပ်ပိုးထားရန်နှင့် အိမ်မွေးတိရိစာန်များကိုလည်း ဘေးလွတ်ရာသို့ လွတ်ထားပေးရန် လိုအပ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ယမန်နေ့ ထီးချိုင့်မှ ဝင်လာသည့် စစ်ကြောင်းမှာ အင်းတော်မြို့တောင်ဘက်ရှိ ညောင်ကုန်းကျေးရွာဘက်မှ အင်အား ၁၀၀၊ အိုက်မကျေးရွာဘက်မှ အင်အား ၇၀ ကျော်တို့ဖြစ်သည်။

လက်ရှိအင်းတော်မြို့နယ်သို့ ရောက်ရှိလာသော စစ်ကြောင်းနှစ်ကြောင်းသည် နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ထီးချိုင့်မြို့နယ်မြောက်ဘက်ရှိ ဆူးပံချောင်ရွာ၊ အင်ကြင်းကုန်းရွာ၊ အင်းတိန်ရွာ၊ အလယ်တောရွာ၊ လေသာရွာ၊ ကျက်သရေချောင်းရွာ၊ သခွက်ချောင်ရွာတို့မှ အိမ်ခြေပေါင်း ၄၇၃ လုံးအထိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က  ထုတ်ပြန်ထားသည်။

အင်းတော်မြို့နယ်တွင် စစ်ကောင်စီလက်ချက်ကြောင့် ကျေးရွာပေါင်း ငါးရွာမှ လူနေအိမ်ခြေပေါင်း ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button