သတင်း

ဖမ်းဆီးခံထားရသည့် ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို တွေ့နိုင်ရန် KBC ကြိုးပမ်းနေဆဲ

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်တပ်က ဖမ်းဆီးထားသည့် ရက်ပေါင်း ၁၀ ရက်အထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အနေဖြင့် လမ်းစရှာ ကြိုးစားနေဆဲဖြစ်သည်ဟု သိရသည်။

အခုချိန်အထိ ဆရာကြီးနဲ့တွေ့နိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်။ ကျနော်တို့ဆီက ဆရာကြီးနဲ့တွေ့နိုင်အောင် ဘယ်မှာထိန်းသိမ်းထားတယ် ဆိုတာကို သိနိုင်အောင် လုပ်ဆောင်ပေးမယ့် သူတွေ မရှိသေးဘူးဖြစ်နေတယ်။ အဲ့ကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတာကို လမ်းစရှာနေဆဲဟုတ်တယ်ဟု KBC တွဲဖက်အတွင်းရေးမှူး Rev. Lahpai Zau Ra က KNG ကို ပြောသည်။

စစ်ကောင်စီမှ ဆရာတော် ခလမ်ဆမ်ဆွန်ကို တရားစွဲဆိုရန် ပြင်ဆင်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး  ဒီဇင်ဘာလကုန်ခန့်တွင် အကြောင်းကြားလာဖွယ်ရှိသည်ဟု သူကဆက်ဆိုသည်။

ဒီအပတ်မဟုတ်ရင် လာမယ့်အပတ်လောက်မှာ အကြောင်းကြားလာမယ်လို့တော့ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် KBC အနေနဲ့တော့ အရင်ဆုံး ဆရာကြီးနဲ့တွေ့နိုင်ဖို့ ကြိုးစားသွားမယ်။ ပြီးမှ အများပြည်သူရဲ့ တောင်းဆိုမှုအပေါ်မှာပဲ ဆက်လက် လုပ်ငန်းဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။

ဆရာတော် ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးထားခဲ့ပြီးနောက် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းလည်း ဒီဇင်ဘာလ ၇ ရက်နေ့ည KBC ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် ထုတ်ပြန်ကြေညာသွားခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီ၏ လုံနယ်မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ တာဝန်ရှိသူ ၄ ဦးကို ခေါ်ယူတွေ့ဆုံခဲ့ကြပြီး ဆရာတော်ကြီးသည် သူလုပ်ဆောင်ထားသည့် ပြစ်တွေရှိနေကြောင်း အစည်းအဝေးများ ပြုလုပ်ရာတွင် ပြောဆိုခဲ့သည့် ဗီဒီယိုဖိုင်များပြသပေးခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်အထိ ဆရာတော် ခလမ်ဆမ်ဆွန်ကို မည်သည့်နေရာတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ကို မသိရသည့်အပြင် အဆက်အသွယ် တစ်စုံတစ်ရာမရရှိသည့်အတွက် အလွန်စိုးရိမ်ပူပန်နေရကြောင်း ဆရာတော်၏ ဇနီးဖြစ်သူက ယခုလိုပြောဆိုသည်။

ဘာမဖြစ်ဖြစ် သူ့ကိုဘယ်နေရာမှာ ဖမ်းဆီးထားတယ်ကိုတော့ အရင်ဆုံးနေရာသိချင်တယ်။ ပြီးရင်ဘာကြောင့် ဖမ်းတယ်ဆိုတာလည်းသိချင်တယ်။ သူ ဖမ်းဆီးခံရတယ် ဆိုတဲ့ ၅ ရက်နေ့ဆို ကျမတို့နဲ့လုံးဝ ဒီကနေ့အထိ အဆက်အသွယ်မရသေးဘူး။ ပြီးရင် အမှုတော်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဖမ်းသင့်တဲ့သူလို့လည်း မမြင်ဘူး။ ဒါကြောင့် သူအမြန်လွတ်ပေးဖို့ပဲ ဆုတောင်းနေရတယ်ဟု သူ၏ အမျိုးသမီးဖြစ်သူက ပြောဆိုထားသည်။

အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ဆရာတော် ခလမ်ဆမ်ဆွန်ကို ပြန်လည်လွတ်ပေးရန်အတွက် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC အပါအဝင် နိုင်ငံတကာဘာသာရေးအဖွဲ့များကလည်း ထုတ်ပြန်ချက်အသီးသီးဖြင့် တောင်းဆို နေကြပါသည်။

Show More

Related Articles

Back to top button