တိုက်ပွဲသတင်း

အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကြောင်း သုံးကြောင်းအနက် စစ်အင်အား ၁၀၀ ပါ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် နှစ်ကြိမ် တိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။

ညောင်ကုန်းကျေးရွာအနီး နှစ်ကြိမ်တိုက်ခိုက်ခံရမှုတွင် စစ်တပ်ဘက်က ထိခိုက်မှု များပြားခဲ့သည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ညောင်ကုန်းဘက်ကတောထဲမှာဖြစ်တာ သူတို့က တောလမ်းအတိုင်း ဆင်းလာတာ။ ဒီဘက်ကာကွယ်ရေးတပ်တွေက ဝင်ပစ်တာ မနက် ၇ နာရီမှာတစ်ကြိမ်ပစ်တယ် ၉နာရီမှာတစ်ကြိမ်ပြန်ဖြစ်တယ်။ သူတို့ဘက်က အထိအခိုက်တော့ များတယ်ဗျ စာရင်းမသိရသေးဘူး။ ခြုံခို တိုက်ခိုက်ခံလိုက်ရတာဆိုတော့ သူတို့ဘက်က ထိခိုက်တာများတယ်ဟု ပြောသည်။

မိနစ်သုံးဆယ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်တပ်သည် ညောင်ကုန်းကျေးရွာအနီးရှိ ဂျူံးဂျရွာသစ်ကို မီးရှို့နေကြောင်းလည်း သိရသည်။

အရင်ဆုံးဂျုံးဂျရွာသစ်အနီးက ရွှေအင်းတော် စားသောက်ဆိုင်ကိုမီးရှို့ဖျက်ဆီးလိုက်တာပြီးမှ ဂျူံးဂါးရွာသစ် ကိုမီးထပ်ရှို့တယ် ဘယ်နအိမ်လောင်သွားလည်းတော့မသိရသေးဘူး မီးခိုးတွေပဲမြင်ရတယ်ဟု အထက်ဖော်ပြပါ အင်းတော်PDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ အင်အား ၃၀၀ ပါ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်မှ အင်းတော်ဘက်သို့ စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်လာခြင်းဖြစ်သည်။

အင်အား ၁၀၀ ခန့်စီပါသည့် စစ်ကြောင်းတစ်ကြောင်းသည် လက်ရှိ ဂျုံးဂျ ရွာမကြီး၊ ညောင်ကုန်းဘက်သို့ ဦးတည် ဝင်ရောက်လာသောကြောင့် အနီးဝန်းကျင်ကျေးရွာ  ရွာခန့်မှ ပြည်သူများသည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိ အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ထီးချိုင့်မြို့နယ်အတွင်း

 နေအိမ် ၅၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယခု ကချင်စစ်ကိုင်းနယ်စပ် အင်းတော်ဘက်သို့ ရောက်ရှိလာကာ ကျေးရွာများကို မီးရှို့လာခြင်းဖြစ်သည်။

Show More

Related Articles

Back to top button