စစ်ပြေးဒုက္ခသည်များတိုက်ပွဲသတင်း

အင်ခိုင်ဘွမ်တောင်ခြေတွင် စစ်တပ် နှင့် KIA စစ်ရေးတင်းမာလာ

မြစ်ကြီးနားမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ တည်ရှိရာ အင်ခိုင်ဘွမ်တောင်ခြေဘက်သို့ စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားလာသဖြင့် စစ်ရေးတင်းမာလာနေသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်သည် အင်ခိုင်ဘွမ်တောာင်ဘက်သို့ နမ်ကျင်ဘက်မှ စစ်‌ကြောင်းတစ်ကြောင်း၊ ပလနဘက်မှ စစ်ကြောင်း တစ်ကြောင်းခွဲကာ KIA တပ်ရင်း ၁၁ ကို တိုက်ခိုက်ရန် လုပ်ဆောင်လာသောကြောင့် စစ်ရေးတင်းမာနေကြောင်း အမည်မဖော်လိုသူ ငွေပျော်စံပြဒေသခံ တစ်ဦးက ပြောသည်။

ရွာသားတွေအားလုံးက တစ်ခုခုဖြစ်ပြီဆို လန့်ပြီး နေတောင်မနေရဲတော့တာ ဆုတောင်းပြီးနေရုံမှအပဆိုပြီး နေနေကြသူတွေ ချည်းပဲ။ အားလုံးက ဘယ်အချိန် ဘယ်လိုပြန်ဖြစ်မလဲဆိုပြီး စိုးရိမ်နေကြသူတွေချည်းပဲ။ အရင်က ဦးခက်ထိန်နန် ပြောခဲ့တာတော့ စစ်ရှောင်ရွာဖြစ်တယ်၊ ဒီရွာက စိုးရိမ်စရာ မလိုဘူး၊ ကောင်းကောင်းနေနော်ဆိုပြီး ပြောခဲ့တာပဲ။ အခုက ဒီလိုအခြေအနေ ဖြစ်လာတော့ အားလုံး စိုးရိမ်ကုန်ပြီဟုပြောသည်။

ဒီဇင်ဘာလ ၁၆ ရက် ယမန်နေ့ကလည်း ငွေပျော်စံပြကျေးရွာ အလွန်တွင်ရှိသည့်  တာရိုးယန်ရွာမှ KIA ဂိတ်တစ်ခုကို စစ်ကောင်စီက ဝင်ရောက်မီးရှို့ခဲ့သည်။

အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်သည် စစ်ကား ၂ စီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် ငွေပျော်စံပြကျေးရွာတွင်းသို့ သေနတ်ပစ်ဖောက်ဝင်လာပြီးအရပ်သားပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၅ နာရီအကြာတွင် ပြန်လွတ်ပေးခဲ့သည်။

KIA တပ်ရင်း ၁၁ သည် ယခင်က နမ္မတီးမြို့အနီး ကဆုန်ကျေးရွာတွင်တည်ရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် စစ်တပ်က ရှောင်တခင်ဝင်ရောက် တိုက်ခိုက်မှုကြောင့် ပြန်လည်နေရာပြောင်းရွေ့ခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့နယ် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ ပလန ရဲစခန်း နှင့် ဂိတ်တို့ကို KIA နှင့် PDF တပ်ဖွဲ့များ မကြာခဏ သွားရောက်တိုက်ခဲ့သောကြောင့် ပြီးခဲ့သည့် လမှစတင်ကာ စစ်ကောင်စီတပ်သည် အင်ခိုင်ဘွမ်တောင်ခြေဘက်သို့ စစ်ရေး လှုပ်ရှားလာခြင်းဖြစ်သည်ဟု သိရသည်။

ငွေပျော်စံပြကျေးရွာသည် စစ်ရှောင်များကို ပြန်လည်နေရာချထားသော ကျေးရွာတစ်ခုဖြစ်ကာ ၂၀၁၄ ခုနှစ် ဦးသိန်းစိန်အစိုးရ ကာလတွင် အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါကျေးရွာသည် KIA တပ်ရင်း ၁၁ နှင့် စစ်ကောင်စီတပ် ခ.. (၂၉တပ်တို့ကြားတွင် ရှိနေသောကြောင့် တိုက်ပွဲဖြစ်လာလျှင် လုံခြုံရေးအတွက် အလွန်စိုးရိမ်သည်ဟု ဒေသခံတစ်ဦးက ယခုလို ဆက်ပြောသည်။

ကျနော်တို့ ငွေပျော်စံပြကျေးရွာမှာနေတဲ့သူတွေက လက်နက်ကိုင်တွေရဲ့ လှောင်အိမ်ထဲက ကြက်တွေနဲ့အတူတူပဲ။ ဘယ်အချိန်ဖြစ်ဖြစ် လာဆွဲခေါ်သွားလို့ ရတဲ့နေရာ။ ဘယ်ဘက်က ဖြစ်ဖြစ် လာဖမ်းလို့ရတဲ့ စစ်တပ် ၂ ခုကြားက ဟိုမရောက် ဒီမရောက် ရွာဖြစ်နေတော့ အခုလိုအခြေအနေအရဆိုရင် စိုးရိမ်မှုများစွာရှိတယ် လုံခြုံမှု မရှိတော့ဘူး။ ဒီရွာက စစ်ရှောင်ရွာ ဖြစ်တာကြောင့် ဒီရွာကလွဲလို့ တခြားဘယ်နေရာမှ မထွက်ပြေးတတ်တော့ဘူး။ ဒါကြောင့် ဒီရွာလေးကိုတော့ လက်နက်ကိုင်နှစ်ဖက်စလုံးက စစ်ရှောင်ရွာဆိုပြီး စဉ်းစားပေးဖို့ ကျနော်တို့ရွာသားတွေက လိုချင်ပါတယ်ဟုစစ်ရှောင်ပြည်သူ ၁ ဦးက ပြောသည်။

KIA တပ်ရင်း ၁၁ နှင့် PDF များ တည်ရှိသော အင်ခိုင်ဘွမ်တောင်ခြေပတ်လည်ဘက်သို့ စစ်ကောင်စီတပ်များ ဝေဟင်ဖြင့် ကင်းထောက်ခြင်း၊ စစ်ရေးလှုပ်ရှားမှုတို့ကြောင့် နေရာချထားခြင်းခံရသော ဒေသခံ စစ်ရှောင်အချို့သည် တိုက်ပွဲ နှင့် လက်နက်ကြီးအန္ဒရယ်မှ ရှောင်ရှားနိုင်ရန် မြစ်ကြီးနားဘက်သို့ ကြိုတင်တိမ်းရှောင်ကြပြီဟု သိရသည်။

Show More

Related Articles

Back to top button