သတင်း

စက်တောကုန်းတွင် အိမ်ခြေထက်ဝက်ခန့် နှင့် စပါးကျီ ၃၀ ကျော် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် စက်တောကုန်းကျေးရွာတွင်  အိမ်ခြေထက်ဝက်ခန့် နှင့် စပါးကျီတိုက် ၃၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။

အင်းတော်မြို့နယ် တောင်ပိုင်းတွင် တစ်ရွာဝင်တစ်ရွာထွက် ပြည်သူပိုင်နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၉ ရက်နေ့က စက်တောကုန်းကျေးရွာတွင် ဝင်ရောက်တပ်စွဲခဲ့ပြီး ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းရှိ နေအိမ်များမီးရှို့ဖျက်ဆီးသွားကြောင်း အင်းတော် PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

စက်တောကုန်းရွာက အိမ်ခြေ တစ်ရာစွန်းစွးန်းလေးရှိတယ်။ အဲ့မှာ အိမ်ခြေ ၄၁ အိမ်အထိ မီးရှို့တဲ့ထဲပါသွားတယ်။ စပါးတိုက်က ၃၀ ကျော်လောက်ပါသွားတယ်။ ရွာထဲမှာက တစ်ညအိပ်ခဲ့တာ မနက်ရွာကနေ အထွက် အဲ့ချိန်ရှို့သွားကြတာဟုပြောဆိုသည်။

လက်ရှိတွင် အိမ်ထောင်စု ၃၀ ကျော်ပိုင်ဆိုင်သည့် စပါးကျီတိုက် ၃၀ ကျော်ခန့် မီးရှို့ဖျက်ဆီးခံလိုက်ရသည့်အတွက် လူဦးရေ ၁၀၀ ကျော်က အစားအသောက် ပြဿနာအခက်အခဲဖြစ်နေပြီး လတ်တလောတွင် စားသောက်ရေးအတွက် ရွာဘုန်းကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးအိမ်များက ဝိုင်းဝန်းကူညီပေးထားသည်ဟုသိရသည်။

သို့သော် ရည်ရှည်တွင် အဆိုပါ ဒေသခံများအတွက်  အကူအညီးများထောက်ပံ့ပေးရန် လိုအပ်သည်ဟု ဒေသခံများက စိတ်မကောင်းစွာပြောဆိုသည်။

ထို့နောက် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် စက်တောကုန်းကျေးရွာ ဒေသခံ ၄၀၀ ကျော်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကြောင်းထွက်ခွာသွားသည့် ယနေ့နံနက်ပိုင်းမှ ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။

စစ်အင်အား ၃၀၀ ကျော်ပါရှိသည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ ထီးချိုင့်မြို့နယ်မှ အင်းတော်နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီး အင်အား ၁၀၀ စီးခန့်ခွဲကာ ညောင်ကုန်း၊ ဂျုံးဂျရွာသစ်၊ မအူကုန်း၊ ပိန်းအင်၊ စက်တောကုန်း စသည့် ကျေးရွာ ၅ ခုမှ လူနေအိမ် ၁၀၀ ကျော်ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ကြောင်းမှာ ယခုရက်ပိုင်းအတွင်း အစ်းတော်ာနယ်တွင် ၅ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၄၀ ကျော် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းလည်း အင်းတော် PDF အဖွဲ့ထံမှသိရသည်။

လက်ရှိအင်းတော်နယ်တွင် ဖားပန်နှင့် ပင်ဝယ်ကြားတွင် ကချင်ပြည်နယ် နန့်စီးအောင်ဘက်မှ ဝင်ရောက်လာသည့် အင်အား ၁၀၀ ပါ စစ်ကြောင်းတစ်ကြောင်း ထပ်မံဝင်ရောက်နေပြီး KIA PDF တို့ကြား စစ်ရေးတင်းမာလျက်ရှိနေသည်ဟု ဆက်သိရသည်။

အင်းတော်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့၏ မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၁၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်းလည်းသိရသည်။

Show More

Related Articles

Back to top button