သတင်း

ဒီပဲယင်းမြို့နယ်တွင် နှစ်ရက်အတွင်း နေအိမ် ၇၀၀ မီးရှို့ဖျက်ဆီးခံရ

ဒီပဲယင်းမြို့နယ်ရှိ ကြည်ကျေးရွာနှင့် ဘုရားထွက်ကျေးရွာ ၂ ရွာကို စစ်ကောင်စီက ယမန်နေ့ညနေပိုင်းမှ စ၍ ယနေ့ မနက်ပိုင်းအထိ နေအိမ်များကို မီးတင်ရှို့ခဲ့ရာ နေအိမ် ၇၀၀ ခန့် မီးထဲပါသွားခဲ့ပြီး မီးရှို့သဂြိုလ်ထားသည့် အလောင်းတစ်လောင်း တွေ့ရှိထားသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ယမန်နေ့ညနေ ၄ နာရီဝန်းကျင်တွင် အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်း နှစ်ဖွဲ့ခွဲကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်လာပြီးနောက် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“မနေ့က သူတို့က နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့က ရွာအရှေ့ကဝင်လာပြီးတော့ တစ်ဖွဲ့ကရွာအနောက်ကနေဝင်လာတာပေါ့။ သူတို့က ပတ်ဝင်တဲ့ သဘောပေါ့ ရွာထဲရောက်တာနဲ့ ထုံးစံအတိုင်းမီးစရှို့တာပဲ။ သူတို့က မနေ့ကလည်းရှို့တယ် ဒီနေ့လည်းရှို့တယ် နှစ်ရက်ဆက်ပေါ့ ဘုရားထွက်ကျေးရွာက နေအိမ် ၄၀၀ ပါသွားတယ်။ ကြည်ရွာက နေအိမ် ၃၀၀ လောက် မီးလောင် ပြာကျခဲ့တယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ မီးရှို့ခံခဲ့ရသည့် ကျေးရွာ ၂ ရွာတွင် ဘုရားထွက်ကျေးရွာသည် ယခင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ဖူးပြီး နေအိမ် ၁ လုံးနှင့် ဘော်ဒါဆောင်တစ်ခု မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားပြီးနောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း နယ်မြေရှင်းလင်း‌ရေးခေါင်းစဉ်ဖြင့် ဝင်ရောက်စဥ် မီးရှို့သဂြိုလ်ထားသည့် အလောင်းတစ်လောင်းလည်း တွေ့ရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့ ပြန်ထွက်သွားတဲ့အခါမှာ ထင်းပုံထဲမှာ မီးရှို့သဂြိုလ်ထားဟန်တူတဲ့ အလောင်းတစ်လောင်းတွေ့ခဲ့ရတယ်။ ဘယ်သူ ဘယ်ဝါဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး”ဟု ဒေသခံတစ်ဦးက ဆိုပါသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ဒီဇင်ဘာလအတွင်း နယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် ရေဦးနှင့် ဒီပဲယင်း မြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာ မီးတင်ရှို့နေခြင်းဖြစ်ပြီး မော်လိုက် အခြေစိုက်တပ်ရင်း ခမရ-၃၆၄ နှင့် မှော်ဘီအခြေစိုက် ရန်ကုန်အထူးပြု ခလရ-၇၀၁ တပ်ရင်းများဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် များထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ဒီဇင်ဘာလ တစ်လအတွင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၂၂ ရွာမှ နေအိမ် ၂၉၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူသောင်းနှင့်ချီ မီးဘေးသင့်နေပြီး အရေးပေါ်အကူညီများလည်း လိုအပ်နေသည်ဟု သိရသည်။

Show More

Related Articles

Back to top button