သတင်း

Rev. Dr. Hkalam Samson ကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး မိသားစုနှင့် တွေ့ခွင့်မပေး

အာဏာသိမ်း စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ် KBC အကြံပေး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဟု သိရသော်လည်း မိသားစုနှင့် တွေ့ခွင့်မပေးသေးကြောင်း မိသားစုဝင် တစ်ဦးပြောသည်။

ဆရာတော် ခလမ်ဆမ်ဆွန်ကို ရက်ပေါင်း ၂၄ ရက်အကြာ စစ်ကြောရေးတွင် ထားရှိပြီးနောက် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် အမှတ်(၁)ရဲစခန်းတွင် မတရားအသင်းအက် ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့လိုက်သည်ဟု သိရကြောင်း ဆရာတော်၏ အမျိုးသမီးက ပြောသည်။

“သူ့ကို ချစ်တဲ့သူတွေက အကြောင်းကြားလာတယ်။ ၂၈ ရက်နေ့မှာ အမှုဖွင့်ထားတယ်လို့ ကြားပြီး ရဲစခန်းကို လိုက်သွားတယ်။ အဲ့မှာ ရဲစခန်းမှူးကိုမေးကြည့်တော့ ၁၇ (၁) ပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ပြောလာတယ်။ သူ့ကိုလည်း ၂ နာရီလောက် ရဲစခန်းမှာထားပြီး ထောင်ထဲကို ပြန်ပို့လိုက်ပြီလို့သိရတယ်”ဟု ဆရာတော်၏ အမျိုးသမီးဖြစ်သူက KNG ကို ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဆရာတော်နှင့်တွေ့ခွင့်ရရန်အတွက် မိသားစုများမှ မြစ်ကြီးနားအကျဉ်းထောင်ထဲသို့ သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရရှိခဲ့ကြောင်း အမျိုးသမီးဖြစ်သူက ဆက်ဆိုသည်။

“ထောင်ထဲရောက်သွားပြီဆိုတာနဲ့ မနေ့က မနက်ပိုင်း တစ်ကြိမ် ညနေပိုင်းတစ်ကြိမ် ထောင်ကိုလိုက်သွားတယ်။ ပြီးရင် ဒီမနက်လည်း တစ်ကြိမ်ပြန်သွားတယ်။ ဒါပေမယ့် ကိုဗစ်ကာလဖြစ်တယ်ဆိုပြီး တွေ့ခွင့် မပေးဘူး။ သူစားဖို့ အစားအသောက်နဲ့ ပစ္စည်းတွေပဲ ပေးလိုက်ရတယ်”ဟု ပြောဆိုသည်။

ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အပေါ် စစ်ကောင်စီမှ စွဲဆိုထားသည့်အမှုသည် မတရားသဖြင့် စွဲဆိုချက်သာဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဆရာတော် ခလမ်ဆမ်ဆွန်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးဖို့ ရှိကြောင်းလည်း သိရသည်။

ဆရာတော်ကို အမြန်ဆုံးလွတ်မြောက်ခွင့်ပေးရန် ကချင်ပြည်သူများအားလုံး ရသည့်နည်းလမ်းများဖြင့် အသံထုတ်နေရန် လိုအပ်သည် ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုလိုမျိုး ခေါင်းဆောင်တွေ နစ်နာနေချိန် ကျန်တဲ့သူတွေက ငြိမ်နေမယ်ဆိုရင် ဆရာတော်အတွက် ပိုပြီး စိတ်ဓာတ်ကျစေမယ်။ နောက်ပြီး ပြန်ပေါ်လာမဲ့ ခေါင်းဆောင်တွေအတွက်လည်း ရဲရဲဝံ့ဝံ့လုပ်ရဲ ကိုင်ရဲတဲ့သတ္တိရှိဖို့ နေရာမှာ မရဲဝံ့တာတွေ ဖြစ်စေလာနိုင်တယ်။ ဒါကြောင့် နည်းအမျိုးမျိုးနဲ့ ပါဝင်ပြီး ဝိုင်းပြောရမယ်။ အားလုံးဝိုင်းပြီး အသံထွက်မယ်၊ ဝိုင်းလှုပ်ရှားမယ်ဆိုရင် စစ်ကောင်စီလည်း အရမ်းစဉ်းစားလာမှာဖြစ်တယ်လို့ ယုံကြည်တယ်”ဟု ပြောဆိုသည်။

KBC အနေဖြင့်လည်း ဒေါက်တာခလမ်ဆမ်ဆွန်နှင့် တွေ့ခွင့်ရရှိရန်အတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ စာတင်ပြတောင်းဆိုထားသည်ဟု သိရသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံသို့သွားရန် မန္တလေးလေဆိပ်တွင် စောင့်ဆိုင်းနေချိန် ဖမ်းဆီးခေါ်ဆောင်ခံရခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button