သတင်း

စစ်ကိုင်းမြို့နယ် ကွဲကျေးရွာကို စစ်တပ် ဝင်စီးပြီး သံဃာတော်အပါအဝင် ပြည်သူတွေကို သတ်ဖြတ်ထား

စစ်ကိုင်းမြို့နယ်ရှိ ဒီပဲယင်းကွဲကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမီးရှို့ပြီးနောက် သံဃာတော်တစ်ပါး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ ၂ ဦးတို့ကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများ ပြောပါတယ်။

ဒီနေ့ မနက်ပိုင်း ၆ နာရီ ဝန်းကျင်ခန့်က ကြွယ်ပုံကျေးရွာ မှ ပျူစောထီး နှင့် စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ခန့်မှာ ဒီပဲယင်း ကွဲကျေးရွာကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ် ဝင်ရောက်လာပြီးနောက် နေအိမ်  ၇၀ ကျော်ကို မီးတင်ရှို့ခဲ့ပြီး ဒေသခံတွေကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

သတ်ဖြတ်ခံရသူတွေထဲမှာ သက်တော် ၄၂ နှစ်၊ ဝါတော် ၂၂ ဝါရှိ သံဃာတော်တစ်ပါး၊ စစ်ကိုင်းခရိုင် တပ်ရင်း ၈ တပ်ခွဲ ၃ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင်၊ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက် ၃၅ နှစ် အရွယ် ဒေသခံအမျိုးသားတစ်ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီပဲယင်း ကွဲကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ၁၀ နာရီဝန်းကျင်မှာ ၎င်းတို့အထိုင်ချရာ ကြွယ်ပုံကျေးရွာကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာ ၁၁ ရွာ နှင့် ဆားတောင်မြို့ရှိ ရပ်ကွက် ၃ခုကို မီးတင်ရှို့ခဲ့ပြီး ဘုန်းကြီးကျောင်းဆောင် ၂ ဆောင် အပါအဝင် နေအိမ် ၈၀၀ ကျော် မီးရှို့ဖျက်ဆီး ခံလိုက်ရပါတယ်။

Show More

Related Articles

Back to top button