သတင်း

ရွှေမှော်လုပ်ငန်းရှင်များကို KIA သတိပေး ထွက်ခွာခိုင်းပြီးနောက် ပြည်သူ့စစ်အဖွဲ့ မှ KIA ကိုပိတ်ဆို့

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ဒေသတွင် ရွှေတူးနေသူများကို KIA သတိပေး ထွက်ခွာခိုင်းပြီးနောက် ပြည်သူ့စစ်အဖွဲ့ဘက်မှလည်း ရွှေမှော်လမ်းများကို ထပ်မံ ပိတ်ဆို့ရန် ပြင်ဆင်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ရှဒူးဇွပ်ကျေးရွာ အနီးတဝိုက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ နယ်မြေ စိုးမိုးထားသော ချောင်းဆုံ၊ ကနွယ်သူ၊ ဘန်ကောက်၊ ဂျာဝမ် နှင့် ကိုင်းတော စသည့် နေရာများတွင် ရွှေတူးဖော်နေသူများကို ၁၀ ရက်အတွင်း အမြန်ထွက်ခွာသွားကြရန် KIA က သတိပေးခဲ့သည်။

ထို့ကြောင့် ပြည်သူ့စစ်အဖွဲ့ဘက်မှလည်း ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ အဆိုပါ ရွှေမှော်သွားလမ်းများကို ပိတ်ဆို့သွားမည်ဟု လုပ်ငန်းရှင်များကို ညွှန်ကြားထားသည်ဟု ရှဒူးဇွပ်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောဆိုသည်။

“KIA က ဒီနား တဝိုက်ရှိမှာရှိကြတဲ့ ရွှေမှော်လုပ်ငန်းရှင်တွေကို မောင်းထုတ်နေတယ်။ ၁၀ ရက်အတွင်း အကုန်ထွက်ကြဖို့ လုပ်ငန်းရှင်တွေကို ပြောဆိုထားတယ်။ အဲ့ကြောင့် တစ်ချို့သူတွေက အကုန်ထွက်ကြပြီ။ အဲ့ကြောင့် ပြည်သူ့စစ်အဖွဲ့တွေကလည်း ရွှေမှော်လမ်းတွေကို ပြန်ပိတ်ဖို့ ပြောတယ်။ ပြောရမယ်ဆိုရင် ၂ ယောက် အားပြိုင်နေကြတယ်ပေါ့ဟု ပြောဆိုသည်။

မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့သည် စံပြကျေးရွာရှိ လမ်းမကြီးကို အဓိက ပိတ်ဆို့ထားမည်ဖြစ်ပြီး ထိုလမ်းမကြီးသည် KIA တပ်ရင်း ၁၄ နယ်မြေ ရွှေမှော်လုပ်ငန်းရှင်များ ပုံမှန်သွားလာနေသည့် လမ်းမကြီးတစ်ခု ဖြစ်သည်။

ရှဒူးဇွပ်ဒေသတွင် ရွှေမှော်သို့ သွားနိုင်သောလမ်းမကြီး ၄ ခုရှိသည့်အနက် ကျန်လမ်းမကြီး ၃ ခု ကို ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ပြည်သူ့စစ်အဖွဲ့က ဘက်ဟိုးဖြင့် ဖြတ်တောက်လိုက်ပြီး ‘မိုင်းထောင်ထားသည်’ ဟူသော ဆိုင်းဘုတ်များကို စိုက်ထူထားသည်ကို မြင်တွေ့ရကြောင်း ဒေသခံများ ပြောဆိုသည်။

ရှဒူးဇွပ်ဒေသတွင် ရွှေမှော်လုပ်ငန်းရှင်များထံမှ ငွေကြေးအများအပြားကို မင်းဇင်သန့်ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့မှ ရရှိနေသောကြောင့် KIA ဘက်မှလည်း ရွှေလုပ်ငန်းရှင်များကို သတိပေးကာ ထွက်ခွာခိုင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပြည်သူ့စစ်အဖွဲ့မှ ရွှေမှော်လမ်းများ ပိတ်ဆို့မှုမှာ ယခု ဒုတိယအကြိမ်ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် စစ်ရေးတင်းမာမှုဖြစ်ကာ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာနှင့် ဘန်ကောက် စသည့် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

Show More

Related Articles

Back to top button