သတင်း

ကချင် ဂန္တဝင်တေးသံရှင်ကြီး ဆရာမကြီး အင်ဖန်းဂျာရာ ကွယ်လွန်

ကချင်အနုပညာရှင်အသင်းချုပ် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့သည့် ဂန္တဝင်တေးသံရှင်ကြီး အသက် ၉၁ နှစ်အရွယ် ဆရာမကြီး အင်ဖန်းဂျာရာ (U Yen Sinwa Nhpan Ja Ra) သည် ဒီဇင်ဘာလ ၉ ရက် ယနေ့ နံနက်ပိုင်း ၉ နာရီအချိန် မြစ်ကြီးနားမြို့ ရင်စိန်ဆေးရုံးကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ဆရာမကြီး အင်ဖန်းဂျာရာသည် ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်း ၅ နာရီအချိန်တွင် ရုတ်တရက် ခန္ဓာကိုယ်အတွင်း နာမကျန်ဖြစ်လာသည့်အတွက် မြစ်ကြီးနားမြို့ ရှိ ရင်စိန်ဆေးရုံတွင် ၂ ရက်ကြာ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားသည်ဟု သားဖြစ်သူ ဆရာအင်ဒိန်အားဂျာက KNG ကို ပြောဆိုခဲ့သည်။

အိမ်မှာ တရုတ်တရက်အန်တာတွေဖြစ်ပြီး အသက်ရှုကြပ်တာတွေဖြစ်တယ်။ ရင်စိန်ဆေးရုံကို ပို့လိုက်ရတယ် ဆရာဝန်တွေပြောတော့ နှလုံးရောင်တယ် ပြီးရင် အဆုတ်ထဲရေရှိတယ်လို့ပြောတယ်။ အဲ့ကြောင့် စနေ့နဲ့ တနင်္ဂနွေ ၂ ရက်ကတော့ သူတော်တော်လေး ကျော်ဖြတ်ခဲ့ရတယ်။ မနေ့ညကတော့ သူအိမ်ပြန်မယ်လို့ မယ်လို့ပြောတယ်။ ဒီမနက် အိမ်ကိုခေါ် သွားမယ်လို့ စီစဉ်နေတုန်း ၉နာရီခွဲ ဆုံးသွားတယ်” ဟု ပြောဆိုသည်။

ဆရာမကြီး အင်ဖန်းဂျာရာသည် အသက် ၉၁ နှစ်အရွယ်အထိ ယခုလို အသက်ရှုကြပ်ခြင်း၊ နှလုံးရောင်ခြင်း လုံးဝမရှိခဲ့ဘဲ ကျန်မာရေးအလွန်ကောင်းမွန်သူဖြစ်ပြီး ယခုအကြိမ်မှသာ တရုတ်တရက် ထဖောက်ပြီး ကွယ်လွန်သွားရခြင်းဖြစ်သည်ဟု သိရသည်။

ဆရာမကြီး အင်ဖန်းဂျာရာ ဆေးရုံတက်နေစဉ် လာရောက်ကြည့်ရှု့သော ဘာသာရေးဆရာများ၊ ရိုးရာတာဝန်ရှိသူများကို ကိုယ့်လူမျိုးအတွက် သမိုင်းကြွေးမတင်ကြဖို့ ပြောကြားသွားသည်ဟု သိရသည်။

ဆရာမကြီးက သမိုင်းကြွေးမတင်အောင် အားလုံးလုပ်ဆောင်ကြဖို့၊ ကချင်လူမျိုးဆိုတာက လူဖြစ်ရုံနဲ့ ဖြစ်တည်လာကြမဟုတ်ဘူး။ ကိုယ့်လူမျိုးရဲ့ စာပေနဲ့ရိုးရာကို ထိန်းသိမ်းကြဖို့။ ပြီးရင် ကိုယ့်ရဲ့ကိုယ်ကျိုးကို မကြည့်ပဲ အများကိုယ်ကျိုးကိုကြည့်ကြဖို့ ပြောသွားတယ်” ဟု ရိုးရာယဉ်ကျေးမှု တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဆရာမကြီး အင်ဖန်းဂျာရာသည် လွန်ခဲ့သော ၁၉၄၇ ခုနှစ် လွတ်လပ်ရေးမတိုင်မှီကတည်းက ကချင်ပြည်နယ်အတွင်း ခေတ်ဦး ကချင်အနုပညာရှင်ကြီးများနှင့်အတူအနုပညာလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်သည့်အပြင် ကချင်အနုပညာရှင်အဖွဲ့ဝင်များကို မျိုးဆက် ၅ ဆက်အထိ ဦးဆောင်နိုင်ခဲ့သူဖြစ်သည်ဟု သိရသည်။

ထို့အပြင် ၂၀၁၂ တွင် ကချင်အနုပညာရှင်အသင်းချုပ် ဗဟိုကော်မတီ ဖြစ်ပေါ်လာစေရန်အတွက် နည်းဥပဒေများ ရေးဆွဲကာ  ဖွဲ့စည်းတည်ထောင်နိုင်ပေးခဲ့သည်သာမက ကချင်လူမျိုးများ၏ လေးစားကြည် ညို အလေးထားခံရသည့် သမိုင်းဝင် အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသူလည်းဖြစ်သည်။

ယခုလို ဆရာမကြီး အင်ဖန်းဂျာရာ ဆုံးပါးသွားသည့်အပေါ် ကချင်အနုပညာရှင်အဖွဲ့အစည်းမှ အဖွဲ့ဝင်များလည်း အထူးဝမ်းနည်းကြေကွဲရကြောင်း ပြောဆိုနေကြသည်။

ဆရာမကြီး ဒီလောကထွက်ခွာသွားခဲ့တာက ကျနော်တို့ လူမျိုးတွေအတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူက ကျနော်တို့ကချင်အနုပညာရှင်အသင်းရဲ့ မိခင်ကြီးဖြစ်တယ် မျိုးဆက် ၅ ဆက်အထိ သူသေချာ လမ်းပြ ဦးဆောင်ပေးခဲ့တယ်။ ကချင်ပြည်နယ်နေ့ဖြစ်လာတဲ့ နောက်ပိုင်ကနေ သူရဲ့ တေးသီးချင်းတွေနဲ့ ပါဝင်ခဲ့တယ်။ အရင်ခေတ်ဦးတေးသံရှင်ကြီးတွေနဲ့လည်း ဦးဆောင်လက်တွဲခဲ့ကြတယ်။ အဲ့ကြောင့် သူအခုလို သေဆုံးသွားတာက အလွန်ဝမ်းနည်းကြေကွဲနေရပါတယ်ဟု ကချင်နာမည်ကြီး ရုပ်ရှင်နှင့် ဗီဒီယိုသရုတ်ဆောင် မင်းသား L ဇော်ဒိန်က ပြောဆိုခဲ့သည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဆရာမကြီး အင်ဖန်းဂျာရာ၏ အနုပညာလမ်းခရီး ၇၅ နှစ်ပြည့်နှင့် သက် ၉၀ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကြီးကိုလည်း မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခမ်းမဆောင်တွင် ပြုလုပ်ကျင်းပပေးခဲ့သည်။

ကွယ်လွန်သွားသည့် ဆရာမကြီး အင်ဖန်းဂျာရာ၏ ရုပ်ကလပ်ကို လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြေမြှုပ်သဂြိုလ်သွားမည်ဟု သိရသည်။

ထိုနည်းတူ ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့တစ်တည်းအတွင်း ကချင်အနုပညာရှင်တစ်ဦးဖြစ်သည့် ဒါရိုက်တာ Z ခမ်းစိန်လည်း နာမကျန်းရောဂါဖြင့်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button