သတင်း

တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်နယ်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း‌ဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များရှိ‌ကြောင်း ဒေသခံများထံမှ သိရသည်။

အလယ်တောမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ မိုင်ဝက်လောက်ကွာတဲ့ဘုန်းကြီးကျောင်းမှာ ကျ‌တော့ အဲမှာ စစ်ရှောင်နေတဲ့သူတွေထိတယ်။ တစ်‌ယောက်ကပွဲချင်းပြီးသေတယ် ၈ ယောက်လောက်က ထိခိုက်ဒဏ်ရာရတဲ့သူ‌လည်း ရှိတယ်။ အသေးစိတ်မသိရသေးဘူးဟုဒေသကာကွယ်ရေးတပ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့မှစတင်ကာ စစ်အင်အား ၈၀ ကျော်ဖြင့် ထီးချိုင့်မြို့ပေါ်မှ ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဆားတွင်းကျေးရွာ၊ အလယ်တော‌ကျေးရွာကို စစ်ကြောင်းထိုး မီးရှို့ခဲ့သောကြောင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ကပြောသည်။

တိုက်ပွဲက မနေ့ကတစ်ကြိမ် ဒီနေ့တစ်ကြိမ်ဖြစ်ပွားခဲ့တယ်။ တိုက်ပွဲက မနေ့ကတော့ အလယ်တောနဲ့ အင်ကြင်းကုန်းကြားမှာ ဒီနေ့က အလယ်တောနဲ့ ထန်းကုန်းကြားမှာ ဖြစ်တာလို့သိရတယ်။ စစ်ကောင်စီအဖွဲ့က အလယ်တောမှာတပ်စွဲထားတာ မနေ့ကတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အကျအဆုံးရှိပါတယ်။ ဒီနေ့အခြေနေကိုတော့ အတည်မပြုနိုင်သေးပါဘူးဟုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်နက်ကြီး ထိမှန်သေဆုံးခဲ့သူမှာ အသက် ၆၀ ခန့်အရွယ် ဦးကျော်ခင်ဆိုသူဖြစ်ပြီး ထန်းကုန်း‌ကျေးရွာမှဒေသခံ တစ်ဦး ဖြစ်သည်ဟုသိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ၎င်းတို့တပ်စွဲထားသည့် အလယ်တောကျေးရွာကို မီးတင်ရှို့နေပြီး ဆုံးရှုံးမူများနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၇ရက်နေ့တွင်လည်း အဆိုပါစစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးပစ်ခတ်မူ ကြောင့် ဆားတွင်း‌ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ အသက်၆၀ကျော်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ၃ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သေးသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး နေရာအနှံ တွင် တိုက်ပွဲပေါင်း ၉၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၈သိန်း နီးပါး စစ်ပြေးတိမ်းရှောင်နေရပြီး တစ်နိုင်ငံလုံးတွင် စစ်ရှောင်လူဦးရေအများဖြစ်သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar) ၏ ထုတ်ပြန်ချက်များအရသိရသည်။

Show More

Related Articles

Back to top button