သတင်း

ဖားကန့်တွင် ငွေကြေးမပေးသည့် ကျောက်ကုမ္ပဏီများကို စစ်ကောင်စီ ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်ကုမ္ပဏီများတွင် စစ်ကောင်စီတပ်က ငွေကြေးအဓမ္မကောက်ခံမှုများ ပိုမိုလုပ်ဆောင်လာပြီး ငွေကြေးမပေးသည့် ကုမ္ပဏီတာဝန်ရှိသူများကို ဖမ်းဆီးနေသည်ဟု ဒေသခံများ ပြောသည်။

ပြီးခဲ့သော ဒီဇင်ဘာလကုန်ပိုင်းအတွင်း မနမှော်၊ မှော်စီဆာမှော် ၊ ဝှေခါမှော်အစရှိသည့် လုပ်ကွက်များတွင် စစ်ကောင်စီ တပ်သားများက စစ်ဝတ်စုံ၊ အရပ်ဝတ်များဖြင့် ကုမ္ပဏီလုပ်ကွက်များအတွင်း ဝင်ရောက်ကာ ငွေကြေးတောင်ခံလျက်ရှိပြီး မပေးပါက ကုမ္ပဏီ တာဝန်ရှိသူများကို ဖမ်းဆီးခြင်း စက်ယန္တယားများ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

အဲ့တာတွေက တကယ်ဟုတ်တယ်။ ကိုယ်စား လှယ်တွေဖမ်းပြီးတော့မှ ထိန်းသိမ်းပြီးတော့မှ သူတို့ပိုက်ဆံတွေတောင်းတယ် တချို့ကုမ္ပဏီတွေဆိုရင်သိန်းသောင်းထပ်အောင်ကိုတောင်းတယ်တဲ့ အခုထိဆိုရင်ကိုယ်စားလှယ်တွေ ဖမ်းဆီးထိမ်းသိမ်းခံရ တဲ့ကုမ္ပဏီ၂ခုအထိရှိလာပြီဟုပြောသည်။

စစ်ကောင်စီတပ်က ကုမ္ပဏီများအတွင်းသို့ နေ့ခင်းဘက်တွင် ဝင်ရောက်လျက်ရှိပြီး ကုမ္ပဏီတံခါး ပိတ်ထားပါက သော့များကို ရိုက်ဖြုတ်ဖျက်ဆီးမှုများပြုလုပ်နေကြောင်းသိရသည်။

မြန်မာသူရ ကျောက်စိမ်း ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှစတင်ကာ KIA  PDF ကို ထောက်ပံ့မှု ပြုလုပ်နေသည်ဟု ယူဆသော ကုမ္ပဏီများကို စစ်ကောင်စီဘက်ကလည်း ငွေကြေး ပိုမိုကောက်ခံလာခြင်း ဖြစ်သည်ဟု ဖားကန့်ဒေသခံ တစ်ဦးက ယခုကဲ့သို့ပြောသည်။

ဦးကျော်သူရ ဖမ်းခံရတဲ့နောက်တွေပိုပြီးလုပ်လာတာ သူ့ကို စစ်ဆေးမေးမြန်းပြီး ကွင်းဆက်တွေကို လိုက်ပြီး အနိုင်ကျင့်နေတဲ့သဘောရှိတယ်။ အခုတူးနေတာတွေက နားလည်မှုနဲ့ ပတ်သက်ရာပတ်သက်ကြောင်းနဲ့ပဲတူးနေတာလည်း တရားဝင်တစ်ခုမှမရှိဘူး ဆိုတော့ အားလုံးလိုလိုမတောင်းဘူးသူတို့သံသယရှိတဲ့ကုမ္ပဏီတွေတောင်းတာ သူတို့ဘက်ပါတဲ့ကုမ္ပဏီတွေတောင်းတာတော့မကြားမိဘူးဟု ကျောက်မျက်လုပ်ငန်းရှင်များနှင့်သိကျွမ်းသည့် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က ဤသို့ငွေကြေးတောင်းခံရာတွင် ကုမ္ပဏီ၏ လုပ်ကွက်အပေါ်မူတည်၍ လုပ်ကွက်တစ်ခုလျှင် ငွေကျပ် သိန်းရာဂဏန်းမှ သိန်းသောင်းဂဏန်းအထိ တောင်းခံလျက်ရှိနေကြောင်း ခိုင်လုံသည့် သတင်းအရင်းအမြစ်များမှ စုံစမ်းသိရှိရသည်။

ယခင်လအတွင်း ဖားကန့် လုံးခင်းတွင် စစ်တပ်ဝင်ဆီးခံရသည့်ကုမ္ပဏီနှစ်ခုအထိရှိပြီး ကိုယ်စားလှယ်နှင့် ကုမ္ပဏီ လုပ်သားများ ဖမ်းဆီးထိမ်းသိမ်းခံရသည့်အပြင် ကုမ္ပဏီတစ်ခု၏ မြေသယ်ကား နှစ်စီးလည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

စစ်ကောင်စီသည် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ခွင့်ကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ၂၀၂၂ ခုနှစ်ဧပြီလ ၁ ရက်နေ့ကထုတ်ပြန်ခဲ့သော်လည်းမြေပြင်တွင် ညဘက်ကျောက်စိမ်းခိုးတူးခွင့်ကိုစစ်တပ်ကခွင့်ပြုထားဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button