သတင်း

ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရပြီး ပြည်သူတစ်ချို့ပိတ်မိနေ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ကျွန်းကြီးကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ရုတ်တရက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦးဖမ်းဆီးနှိပ်စက်ခံ‌နေရပြီး ဒေသခံပြည်သူအချို့လည်း ပိတ်မိနေသည်ဟု ဒေသကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦး ထံမှသိရသည်။

ယနေ့နံနက်ပိုင်း ၅ နာရီဝန်းကျင်အချိန် စစ်အင်အား ၁၂၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကျွန်းကြီးကျေးရွာအတွင်းသို့ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာတွင် ဒေသခံတစ်ချို့ထွက်ပြေးထွက်မြောက်ခဲ့သော်လည်း တစ်ချို့မှာ ရွာဘုန်းကြီးကျောင်းဝင်းအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုးမလင်းခင် ၅ နာရီလောက်မှာ ကျွန်းကြီးကုန်းရွာကိုဝင်တယ်။ အဲ့တာကိုဘယ်သူမှမသိလိုက်ကြဘူး ပြည်သူတွေကလည်း သူတို့လာမယ်မှန်းမသိတော့ အကုန်လုံးရွာထဲမှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း အနားယူနေကြတာ ခုကရုတ်တရက်ဝင်လာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးနဲ့ ပြည်သူတွေတော့ပိတ်မိနေတယ်ဟုပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီလ ၂၃ ရက်‌ နေ့လည် ၁၁ နာရီဝန်းကျင်တွင် မန္တလေး မှ ထီးချိုင့်မြို့ဘက်သို့ ရေကြောင်းလမ်းဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ယခုလို ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာ‌ခြင်းဖြစ်သည်။

လက်ရှိတွင် ရွာဘုန်းကြီးကျောင်းဝင်းအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူများကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ထိုဖမ်းဆီးခံထားရသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို ညှင်းပန်းနှိပ်စက်မှုများ လုပ်ဆောင်နေကြောင်း လွတ်မြောက်လာသူများထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ ကျွန်းကြီးကျေးရွာကို စစ်အင်အားအများအပြားဖြင့် ဝင်ရောက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မည်သည့် လက်အောက်ခံတပ်ရင်များဖြစ်သည်ကို မသိရကြောင်း ဒေသခံများပြောဆိုသည်။

ကျွန်းကြီးကျေးရွာသည် ထီးချိုင့်မြို့၏တောင်ဘက်၁၀မိုင်အကွာ ဧရာဝတီမြစ်ကမ်းနဘေးတွင်တည်ရှိပြီး အိမ်ခြေ၄၀၀ခန့်ရှိသည့်ကျေးရွာကြီးတစ်ခုဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

Show More

Related Articles

Back to top button