သတင်း

ဖားကန့်တွင် ယခုတစ်ပတ်အတွင်း ဆန်နှင့် စက်သုံးဆီ စျေးအဆမတန်မြင့်တက်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုတစ်ပတ်အတွင်း ဆန်နှင့် စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်လာသည်ဟု ဒေသခံများပြောသည်။

ယခင်အပတ်က ဧရာမင်း၊ ငွေတိုးစသည့် ဆန်အမျိုးအစားများ တစ်အိတ်လျင် ကျပ် ၇၀၀၀၀ ကျော်မှ ၇၅၀၀၀ ကျပ် ၊ ပေါဆန်းမွှေးတစ်အိတ်လျှင် ကျပ် ၈၀၀၀၀ မှ ၈၀၀၀၀ ခွဲအထိစျေးရှိခဲ့ပြီး ယခုတစ်ပတ်တွင် ငွေတိုး၊ ဧရာမင်းဆန် များမှာ တစ်အိတ် ကျပ် ၉၀၀၀၀ ၊ ပေါဆန်းမွေး တစ်အိတ် ကျပ် ၁၂၀၀၀၀ ဝန်းကျင်အထိ စျေးတက်နေကြောင်း လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

လွန်ခဲ့တဲ့ပတ်က အဲ့လောက်စျေးမတက်ဘူးဗျ။ ကျနော်တို့က လုပ်ငန်းနဲ့ဆိုတော့လူများတယ်။ ခဏခဏ ဆန်ဝယ်ရတာ မနေ့ကပဲ ဧရာမင်းတစ်အိတ်ဝယ်တာ ၉၀၀၀၀ တဲ့။ ပေါဆန်းမွေးကတော့ တစ်သိန်းကျော်သွားပြီ။ ဒီတစ်ပတ်ထဲမှာပဲ စျေးတွေ တက်သွားတာဗျ။ သူတို့ပြောတာဆန်တွေမဝင်လို့စျေး တင်ရောင်းနေ တာတဲ့ဟုပြောသည်။

အလားတူ စက်သုံးဆီများစျေးလည်းမြင့်တက်နေပြီး အချို့ဆီပန့်ဆိုင်ကြီးများမှာ ဆီလက်ကျန် မရှိသဖြင့် ပိတ်ထားကြရကြောင်း အခြားဒေသခံတစ်ဦး ကပြော သည်။

ဆီကတော့ တစ်လီတာကို ၄၀၀၀ ကျော်သွားပြီ ဟိုအရင်နေ့ကတော့ တစ်လီတာ ၃၅၀၀ လားပဲရှိတာ ပြီးတော့ဆိုင်တွေကလည်း မဖွင့်ကြဘူး မနက်ပိုင်းခနပဲ ဖွင့်ပြီးတစ်နေကုန်ပိတ်တယ်ဗျ။ ဓာတ်ဆီဆိုတစ်ဂါလံ ၁သောင်း ခွဲ ဒီဇယ်က ၁၉၀၀၀ လောက်ရှိနေပြီ” ဟု ဖားကန့်ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ဆန်နှင့်စက်သုံး ဆီစျေးမြင့်တက်နေခြင်းမှာ အင်းတော်ကြီးဖားကန့် လမ်းပိုင်းပိတ်ထားခြင်းနှင့် လက်ရှိ သွားလာခွင့်ပြုထားသည့် မိုးကောင်းနန့်ယားဖားကန့်လမ်းပိုင်းတွင် လည်း ဆန်နှင့် စက်သုံးဆီက အဝင်ပိတ်ထားသောကြောင့်ဟု လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက KNG ကို ပြောသည်။

အရင်ပတ်ကတည်းက နန့်ယားဂိတ်မှာ ဆန်ကား နဲ့ဆီကားတွေကိုမဝင်ခိုင်းဘူးလို့ပြောတယ် ခရီးသည်တွေကိုလည်း အရမ်းစစ်တယ်တဲ့ ဒီဘက်ဝင်လာမယ့်ဆန်၊ဆီကားတွေ တော့ရှိတယ် အဲ့နန့်ယားဂိတ်မှာ တားထားတယ်တဲ့ဟု အထက်ပါအမျိုးသားကပြောသည်။

ဖားကန့်မြို့နယ်တွင် ဆန်၊ စက်သုံးဆီအပါ အခြားကုန်စည်များကို အင်းတော်ကြီးဖားကန့်လမ်းနှင့် မိုးကောင်းနန့်ယားဖားကန့် လမ်းနှစ်လမ်းဖြင့်သာတင်ပို့လျက်ရှိပြီး အင်းတော်ကြီးဖားကန့်လမ်းကိုစစ်ကောင်စီက နယ်မြေလုံခြုံရေးအကြောင်းပြ၍ ဖေဖော်ဝါရီလ ကိုးရက်နေ့ကတည်းကပိတ်ထားခဲ့သည်။

စစ်ကောင်စီိအဖွဲ့သည် ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီအပါ ဆန်တင်ပို့ခွင့်များ ပိတ်ပင်ထားခြင်းနှင့် ဇန်နဝါရီလ ၃၀ ရက်နေ့က နံနက်ပိုင်း လုံးခင်းလယ်ပြင်ဂိတ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များရှိခဲ့သည့်အပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လည်း လုံးခင်း ၂ မျက်နှာဘုရားရှေ့စစ်တပ်ကုန်းနေရာတွင် တိုက်ခိုက်ခံရမှုများရှိခဲ့သည်။

ထို့နောက် ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့တွင်း မြို့ပြင်နေရာတို့တွင် စစ်ကောင်စီအဖွဲ့က စစ်ဆေးရေးတင်းကြပ်နေပြီး အရပ်သားပြည်သူများကိုလည်း အစုလိုက် အပြုံဖမ်းဆီးမှုများလုပ်ဆောင်နေသည်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းခန့်ကလည်း ဖားကန့်မြို့နယ်အတွင်း ဆန်နဲ့စက်သုံး ဆီကားဝင်ရောက်ခွင့်ကိုစစ်ကောင်စီကပိတ်ထားရာ ဆန်တစ်အိတ် ၁သိန်းခွဲဝန်းကျင်၊ စက်သုံးဆီတစ်ဂါလံ ကျပ် ၂၀၀၀၀ ကျော်အထိစျေးတက်ခဲ့ဖူးသည်။

Show More

Related Articles

Back to top button