မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်းသတင်းဆောင်းပါး

ဖားကန့်မှာ ချောင်းရှင်းလင်းရေးမလုပ်ဘဲ ဖျက်ဆီးရေးသာ လုပ်နေသည်

ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းထွက်ရှိတဲ့ ကချင်ပြည်နယ် ဖားကန့် ဒေသအတွင်း နှစ်စဉ်ရေကြီးရေလျှံမှုကို လျော့ကျစေဖို့ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကတည်းက ငွေကြေးသန်းပေါင်းစွာသုံးစွဲပြီး ချောင်းရှင်းလင်းရေးကို ပြုလုပ်လာခဲ့ကြပေမယ့် ထိရောက်တဲ့ လုပ်ငန်းတစ်ခု မဖြစ်နိုင်ခဲ့ပါဘူး။

စစ်တပ် အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာတော့ ချောင်းရှင်းလင်းရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိတော့တဲ့အပြင် ဥရုချောင်းနံဘေးတစ်လျှောက်မှာ ချောင်းကိုမှေးတင်ပြီး ရွှေမျောတိုက်ပြီးတော့ ချောင်းကို ပျက်စီးအောင် ရဲရဲတင်းတင်း ထပ်မံ လုပ်ဆောင်နေကြပြန်ပါတယ်။

လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ ရှရော်ခကျေးရွာ၊ချောင်းဝ၊ တာမခံ၊ ဟောင်ပါး၊ ဆယ်ဇင်းအထိ ရွှေမျှောစင်ပေါင်း ၃၀ ထက်မနည်းထိ ရှိလာပြီလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

အရင်အစိုးရ လက်ထက်ကတော့ ဒီလိုမျောစင်တွေမရှိဘူးလို့ မပြောဘူး အနည်းအကျဉ်းတော့ရှိတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဝန်ကြီးတွေ ကွင်းဆင်းတဲ့ချိန်ကျရင်တော့ ရှောင်ကြတာပေါ့နော် ထင်ထင်ပေါ်ပေါ်မလုပ်ကြပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက်တော့ ဥရုချောင်းနံဘေးမှာ ဘယ်သူမှဂရုမစိုက်ဘူးဟေ့ ဆိုတဲ့ပုံစံနဲ့လုပ်ချင်သလိုကို လုပ်နေကြတာ ခုဆိုရင် ဒီလုံးခင်းနားမှာကို ရွှေမျောစင်က ၆ ခုလောက်ရှိတယ် လို့ လုံးခင်းဒေသခံတစ်ဦးက ပြောပါတယ်။

လုပ်ငန်းရှင်တွေဟာ တူးဖော်ပြီးသွားတဲ့ကျောက်မြေစာအားလုံးကို ဥရုချောင်းနံဘေးမှာရှိတဲ့ ကုမ္မဏီခြံဝန်းထဲ ထည့်လှောင်ထာပြီးတော့ ညအချိန်မှာ စက်ယန္တရား လူအင်အားအလုံးအရင်းသုံးပြီးတော့ ဥရုချောင်းထဲကို ရွှေမျောတိုက်ချနေကြတာပါ။

ဒီလုပ်ရပ်တွေကို စစ်တပ်လက်အောက်ခံ ကျောက်မျက်အသင်း (လုံးခင်း) အပါအဝင် ဌာနဆိုင်ရာ ထွေအုပ်ဝန်ထမ်းတွေကလည်း သိရှိထားကြပေမယ့် သွားရောက်စစ်ဆေးတာ၊ အရေးယူတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ဥရုချောင်းမှာ ညဆိုင်း ရွှေမျောများမြင်တွေ့ရတဲ့ လက်ရှိအခြေအနေ

ရွှေမျောတိုက်လုပ်ငန်းကနေ ထွက်ရှိလာတဲ့ နှုန်း၊ သဲ၊ အနည်အနှစ်တွေအားလုံးကဟာ ဥရုချောင်းထဲကို ဝင်ရောက်သွားပြီး တစ်ချို့နေရာတွေမှာဆိုရင် ချောင်းလက်တက် လမ်းကြောင်းပြောင်းလာတာ၊ ချောင်းအလယ်မှာ သဲတောင်အဖြစ် ပေါ်ထွန်းနေတာ စတဲ့အခြေအနေထိပါ ဆိုးရွားနေပြီလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ခုဆိုရင် ချောင်းအလယ်မှာသဲတောင်တွေ ထွန်းနေတာနေရာတော်တော်များလာပြီ ဘယ်သူမှလာကြပ်မတ်တာလည်းမရှိဘူး ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားကြတာလား ပိုက်ဆံရှိတဲ့သူတွေက မမြင်ချင်ယောင်ဆောင်တာလား အာဏာရှိတဲ့သူဆိုရင် ကြပ်မတ်ဖို့နေနေသာသာ အပြင်တောင်ထွက်မလာကြတော့ဘူး။ အဲတော့ ဒီချောင်းဟာ အာဏာရှင်တွေနဲ့ စည်းကမ်းမဲ့တဲ့ လုပ်ငန်းရှင်တွေရဲ့ကြားမှာ ဒီထပ်ပိုဆိုးလာနိုင်ရုံဘဲ ရှိတော့တယ်လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစပြီး ရေကြီးရေလျံမှုစတင်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်မှစကာ ဖားကန့်မြို့မိ မြို့ဖများက ချောင်းရှင်းလင်းရေးကော်မတီဖွဲ့ကာ လုပ်ငန်း စတင်လုပ်ကိုင်ခဲ့ကြတာပါ။

အဲ့ဒီနောက် ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်ကစပြီးတော့ ဥရုချောင်းရှင်းလင်းဖို့ သက်ဆိုင်ရာအစိုးရအဖွဲ့ကနေ ချောင်းရှင်းလင်းရေးအတွက် ကော်မတီဖွဲ့ကာ ရှင်းလင်းလာခဲ့ကြတယ်လို့ သိရပါတယ်။   

၂၀၁၇ ခုနှစ်ကစတင်ပြီးတော့ NLD အစိုးရတစ်ဖန် အလျားပေ ၂၁၆၄၈ ပေ၊ ချောင်းလက်တက် ၅ ခုကို ပေပေါင်း ၂၇၄၅၆ပေ ဖယ်ရှားနိုင်ခဲ့ပြီး ကျပ် ၂၆၆၅ သန်း ကုန်ကျခဲ့ပါတယ်။ ၂၀၁၈ နှစ်မှာ CSR ရန်ပုံငွေ ကျပ်သိန်း ၂၀၀၀ ၊ ၂၀၁၉၂၀၂၀ ခုနှစ် ကုန်ကျငွေ ၂၁၈၀ သိန်းကျပ် ကုန်ကျပြီးတော့ ချောင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ NLD အစိုးရလက်ထက် သယံဇာတဝန်ကြီး ဦးဒရှီလဆိုင်းက KNG ကို ဖြေဆိုခဲ့ပါတယ်။

ဒါပေမယ့် ချောင်းရှင်းလင်းရေးလုပ်ဆောင်တဲ့ ကုမ္ပဏီတွေကို အစိုးရက ချောင်းရှင်းရင်း ရွှေတူးဖော်ခွင့်ကိုပါ ပေးထားတဲ့အတွက် ဖားကန့်မြို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရပ်ဘက်အဖွဲ့စည်းတွေနဲ့ ဒေသခံပြည်သူတစ်ချို့က ၂၀၂၀ ဧပြီလမှာပဲ ကန့်ကွက်ခဲ့ကြပါတယ်။

နှစ်စဉ် ကျပ်သိန်းပေါင်း ၂ ထောင်အထက်ကုန်ကျကာ ချောင်းရှင်းလင်းရေးကိုလုပ်ဆောင်ခဲ့တဲ့ ကုမ္မဏီတွေဟာ ချောင်းတွင်းကဆယ်ယူထားတဲ့ မြေစာနုံးမြေများကို ချောင်းနံဘေးမှာပဲ စုပုံထားတဲ့အတွက်ကြောင့် မိုးရာသီရောက်တိုင်း အဲဒီမြေစာနုံးမြေတွေဟာ မိုးရေတွေနဲ့အတူ ချောင်းထဲပြန်စီးဆင်းသွားပြီးတော့ ထိရောက်မှုမရှိတဲ့၊ စံချိန် မမှီတဲ့ လုပ်ငန်းတစ်ခုသာ ဖြစ်ခဲ့ပါတယ်။

ကျောက်စိမ်းထွက်တဲ့ ဖားကန့်ဒေသမှာ စစ်တပ်က အင်အားအများဆုံးဖြည့်တင်းထားသလို၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၉ ဒေသလည်းဖြစ်ပြီး စစ်ရေးပဠိပက္ခတွေနဲ့အတူ ဖမ်းဆီးမှု၊ လူသတ်မှု အများဆုံးဖြစ်ပွားတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။

နယ်မြေစိုးမိုးမှု မရှိတော့တဲ့အတွက် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာ မြို့မိမြို့ဖတွေကလည်း ချောင်းရှင်းလင်းရေး လုပ်ဆောင်ဖို့ လုံခြုံရေးအရ အဆင်မပြေမှုတွေကြောင့်လက်ရှိ ဥရုချောင်းနံဘေး ရွှေမျောစင်တွေဟာလည်း စစ်တပ်က ခွင့်ပြုထားခြင်းမဟုတ်ကြောင်း  စစ်ကောင်စီ ဌာနဆိုင်ရာနှင့် နီးစပ်သူတစ်ယောက်က ပြောပါတယ်။

ဖားကန့်မှာက ဘာမှလုပ်လို့ကိုမရဘူး အကောင်းလုပ်ရင်လည်းကြောက်နေရတယ် ခုဆိုရင် ဒီချောင်းရှင်းလင်းရေးလုပ်ဖို့ စယန္တရားကူမယ့် လုပ်ငန်းရှင်တွေကို ခေါ်လည်းဘယ်သူမှမလာရဲကြဘူး သူတို့လာမှလည်း ဒီဟာအကောင်အထည်ဖော်လို့ရမှာ အဲတော့ဒီနှစ်မှာလည်း လုပ်ဖို့စီစဉ်ထားတာတော့ရှိတယ်။ ဒါပေမယ့် ခုအခြေနေအရဆိုရင်လုပ်နိုင်ဖို့  ၅၀ ရာခိုင်နှုန်းလောက်မသေချာတော့ဘူး။ ဒီရွှေမျောစင်တွေကလည်း ကျနော်တို့ခွင့်ပြုထားတာမဟုတ်ဘူး ဖားကန့်အနေအထားအရ သွားပြောလို့လည်း မရပါဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုအောင်ဟိန်းမင်းကတော့ ခုလိုပြောပါတယ်။

သူတို့က အာဏာသိမ်းထားတဲ့သူတွေလေ အုပ်ချုပ်ရေး တရားစီရင်ရေးအားလုံး သူတို့မှာတာဝန်ရှိတယ် ခုလိုခေါင်းရှောင်နေလို့မရဘူး ဒီဟာတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် သူတို့ညံ့လို့ဘဲလို့ ပြောချင်ပါတယ်။ ပြီးတော့ ဒီဥရုချောင်းရှင်းလင်းရေးကို ပုံမှန်လုပ်ဆောင်နိုင်တာတွေ မရှိဘူးဆိုရင် ချောင်းရေမျက်နှာပြင်က မြို့ထက်မြင့်တက်လာနိုင်တဲ့အတွက် နောက်ဆုံး ကျေးရွာ၊ ရပ်ကွက်တွေအားလုံး ပြောင်းရွှေ့ရမယ့် အနေထားတစ်ခုထိ ရောက်သွားနိုင်တယ်လို့ပြောပါတယ်။

အာသိမ်းမှုနောက်ပိုင်း ၂ နှစ်တာကာလအတွင်း ဖားကန့်မြို့နယ်မှာ  ဥရုချောင်းနံဘေး စည်းမဲ့ကမ်းမဲ့မြေစာစွန့်ပစ်တာတွေအပြင် ချောင်းရှင်းလင်းရေးကို ထိရောက်အောင် မဆောင်ရွက်နိုင်တာ၊ ချောင်းဘေးပတ်လည် မြေသယ်ဖို့ ချောင်းဘေးတွေမှာ လမ်းဖောက်တာတွေ ရှိနေပေမယ့် ကြပ်မတ်ပေးမယ့် အဖွဲ့အစည်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဥရုချောင်းရေမျက်နှာမြင်မြင့်တက်လာရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ မြေစာများကို သွယ်ဝိုက်သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း စွန့်ပစ်နေကြတဲ့မြေစာကြောင့် ဥရုမြစ်ကြမ်းပြင်ဟာ မူလထက်ပေပေါင်းများစွာ မြင့်တက်လာကာ ၂၀၀၈ ပြည့်နှစ်နောက်ပိုင်း ချောင်းဘေးရှိမြို့ မြေနိမ့်ရပ်ကွက်ရေဝင်ရောက်မှု ရေကြီးရေလျှံဘေးဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလျှက်ရှိနေပါတယ်။

ဥရုချောင်းဟာ ချင်းတွင်းမြစ်ရဲ့အဓိက မြစ်လက်တက်ဖြစ်ပြီး  ဖားကန့်မြို့နယ် ကံစီးဒေသကနေ မြစ်ဖျားခံကာ လုံးခင်း၊ ဖားကန့်ရတနာမြေမှာ မိုင်ပေါင်း ၅၄ မိုင်ဖြတ်သန်းစီးဆင်းလာခဲ့တာပါ။ 

ဒါ့အပြင် နှစ်စဉ် ဖားကန့်မြို့ရဲ့ ရေကြီးရေလျှံမှုကို အဆုံးအဖြတ်ပေးတဲ့ချောင်းဖြစ်သလို အသက်သွေးကြောလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ခေတ်အဆက်ဆက် ချောင်းရှင်းလင်းရေးဟာ ထိရောက်မှုရှိအောင် မလုပ်နိုင်ခဲ့တဲ့အပြင် လက်ရှိချိန်တွင်လည်း လုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် ဖာကန့်ပြည်သူများ ရေကြီးရေလျှံမှုပိုမို ကြုံတွေ့နေကြရအုံးမှာဖြစ်ပါတယ်။

Show More

Related Articles

Back to top button