စစ်ပြေးဒုက္ခသည်များသတင်း

ကန့်ဘလူက စစ်ဘေးရှောင်၂သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ စစ်ဘေးတိမ်းရှောင်နေကြသည့် ဒေသခံပြည်သူ ၂သောင်းကျော်အတွက် သောက်သုံးရေ၊စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများ လိုအပ်နေ‌ကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

ပြီးခဲ့သောအပတ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်ကာ စစ်ကြောင်း ၄ ခုဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီအဖွဲ့သည် ကန့်ဘလူတောင်ဘက်ခြမ်းရှိ နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့သည့်အတွက်ကြောင့် ဒေသခံပြည်သူများ ယခုကဲ့သို့ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီပေးသူ တစ်ဦးက KNG ကိုပြောသည်။

စစ်ရှောင်က အကုန်လုံးဆို ၂သောင်းကျော်လောက်ရှိနိုင်တယ် ကျနော်တို့အတွက် စားရေးသောက်ရေး ကတော့အဓိကခက်နေတယ်။ အခုကနွေပိုင်းလည်းရောက်လာပြီကို သောက်သုံးရေကလူအတွက်ကသိပ်ပြဿနာမရှိဘူး ကိုယ်မွေးထားတဲ့ကျွဲ၊နွားတိရစ္ဆာန်တွေအတွက်က ရေကတော်တော်ခက်ခဲတယ်ဟုစစ်ရှောင်ကူညီနေသူတစ်ဦးကဆိုသည်။

အဆိုပါစစ်ဘေးရှောင်များထဲတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးချို့တဲ့သူတစ်ချို့နှင့် ကလေးသူငယ်များလည်းပါဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မူများလည်း လိုအပ်နေကြောင်း သိရသည်။

အဓိကက သက်ကြီးရွယ်အိုပိုင်းရယ် အဲ့ဒီထဲမှာက ကျန်းမာရေးမကောင်းသူတွေရှိတယ်။ သူတို့ကိုစောင့်ရှောက်ဖို့ကျ လူငယ်တွေကနေခဲ့လို့မရပြန် စစ်ကြောင်းနဲ့တွေ့ရင် ဖမ်းခံရနိုင်တာကို အဲ့တော့သူတို့ကိုပဲထားခဲ့ရတယ်။ အဲ့တော့ကျန်းမာရေးစောင့်ရှောက်မူကဘယ်လိုမှကို မလုပ်ပေးနိုင်ဘူး အရင်စစ်ကြောင်းတုန်းကဆို ကျောက်ကပ်မကောင်းတဲ့ သက်ကြီးရွယ်အိုတစ်ယောက် သေဆုံးတာ တောင်ရှိခဲ့တယ်ဟုပြောသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသည့်ကျေးရွာများသည် ရွာမ၊ ထိန်တော၊ အင်းလယ်ကြီး၊ သရက်တော၊ အင်္ဂါထောင့်၊ ကိုင်းရိုး၊ ကျီးပင်အောက်၊ မြကျွန်းသာ၊ မြကန်သာ၊ မန်ကျီးကုန်း၊ ကျွန်းပင်ကုန်း၊ ရှမ်းတပ်၊ မဲသည်၊ ညောင်ဇင်ကြီး၊ မင်ကုန်း၊ လယ်လှ၊ရွာသစ်ကုန်း၊ ညန်အင်း၊ မြိုင်သာယာ၊ ပေလယ်၊ သပြေသာ၊ ဘိုကုန်း စသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁သန်းကျော်ရှိပြီး အဆိုပါစာရင်းထဲတွင် စစ်ကိုင်းတိုင်းက ဒေသခံခြောက်သိန်းခွဲဝန်းကျင်ပါဝင်သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)ရဲ့ စာရင်းတွေအရသိရသည်။

Show More

Related Articles

Back to top button