သတင်း

နန်းမားတွင် ရွှေ့ပြောင်းလုပ်သား လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီဖမ်းဆီးထား

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားအုပ်စု လက်ပံတန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့က လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားကြောင်းသိရသည်။

မိုးညှင်းနှင့် နန်းမားမြို့မှ ခလရ ၁၅ ၊ ခလရ ၄၀၊ ခမရ ၃၈၅၊ ခမရ ၃၈၆ ပူးပေါင်းတပ် အင်းအား ၇၀ ခန့်သည် လက်ပံတန်းကျေးရွာအတွင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ တပ်စွဲထားပြီး ဖေဖော်ဝါရီလ၂၇ ရက်နေ့ လူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နန်းမားမြို့ခံ ဒေသခံတစ်ဦးက KNG ကိုပြောသည်။

နန့်ရင်းချောင်းထဲမှာ သဲကျောက်လုပ်နေတဲ့ ကလေးတွေဖြစ်တယ်လို့သိရတယ်။ အဲ့ဒါကို သူတို့က PDF ထင်ပြီးတော့ ဖမ်းသွားကြတာ သူတို့က လက်ပံတန်းထဲမှာဆိုတော့ အဲ့မှာပဲ ဖမ်းဆီးထားတယ်လို့ သိရတယ်ဟုပြောသည်။

စစ်ကောင်စီအဖွဲ့က လူငယ် ၃ ဦးကို လက်ပြန်ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် စစ်ဆေးမေးမြန်းနေဆဲဖြစ်သည်ဟု သိရသည်။

လူငယ် ၃ ဦးသည် အသက် ၁၅ နှစ်နှင့် ၂၀ နှစ်ကြားရှိ လူငယ်များဖြစ်ကြပြီး ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်ဟုလည်း စုံစမ်းသိရှိရသည်။

လက်ပံတန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီိအဖွဲ့က ဖေဖော်ဝါရီလ ၂၆၊ ၂၇ ညအချိန် ဆက်မပြတ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူ အများစုက လက်နက်ကြီး ထိမှန်မည်ကို စိုးရိမ်သောကြောင့် နန်းမားမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်မှုရှိခဲ့သည်။

ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နန်းမားဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ရှမ်းရွာကုန်းလမ်းခုလပ်တစ်နေရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIA နှင့် PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button