တိုက်ပွဲသွားရန် ပြင်ဆင်ရင်း ဗုံးသီပေါက်ကွဲသွားသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် တိုက်ပွဲသွားရန် လက်နက်ပြင်ဆင်ရင်း ဗုံးသီးမတော်တဆပေါက်ကွဲမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးသွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း ၈နာရီဝန်းကျင် စစ်ဆင်ရေးသွားရန် လက်နက်ပြင်ဆင်ထားသည့် ၆၀ မမဗုံးသီးတစ်လုံး မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ ရဲဘော် ၃ ဦးကျဆုံးမှုဖြစ်ခဲ့ရသည်ဟု မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။
“စစ်တပ်ကပစ်ခတ်ခဲ့တဲ့ ၆၀မမတစ်လုံးကို ပြန်အသုံးပြုမယ်ဆိုပြီး ပြန်ထောင်တာ အဲ့မှာမတော်တဆဖြစ်သွားတာပါ စစ်ကောင်စီစစ်ကြောင်းပြန်လှည့်လာမှာဆိုလို့ ရှိတဲ့ဟာတွေနဲ့လက်လုပ်မိုင်းတွေနဲ့ စကစတွေကျန်ခဲ့တဲ့ပစ္စည်းတွေကိုပေါင်းလုံးပြီး မိုင်းတက်ကာတာ အဲ့မှာလက်ထဲတင်ထကွဲသွားတာပဲ။ အဲ့မှာပဲတစ်ခါတည်းသုံးဦးကျဆုံးခဲ့ရတာပါ”ဟုပြောသည်။
အဆိုပါ ကျဆုံးသွားသည့် ရဲဘော်၃ဦးမှာ အသက် ၁၈ နှစ်အရွယ် ရဲဘော်ကာဗာ ၊ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဖားကြီး နှင့် အသက် ၂၀ နှစ်အရွယ် ရဲဘော်နွေဦး တို့ဖြစ်ကြပြီး မုံရွာခရိုင်တပ်ရင်း၂၁၊တပ်ခွဲ၂မှ တပ်ဖွဲ့ဝင်များဖြစ်သည်ဟုသိရသည်။
ရဲဘော် ၃ ကို မိခင်တပ်ဖွဲ့မှ စျာပနအခမ်းနားများပြုလုပ်ပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တော်လှန်ရေးရဲဘော်များက လိုက်ပါပို့ဆောင်ပေးခဲ့သည်ဟု ဒေသတွင်းသတင်းမီဒီယာ အရာတော်ပို့စ်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့သည် အာဏာသိမ်းပြီး ၂ နှစ်အကြာ ၂၀၂၃ခုနှစ်ဖေဖော်ဝါရီလ၂ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ် ၁၁ ခုကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့သည့်အပြင် အရာတော်အပါအဝင် ဝက်လက်၊ရွှေဘိုနယ်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးအဖြစ် ထပ်တိုးကြေညာခဲ့သည်။
“မာရှယ်လောထထုတ်ပြီးနောက်ပိုင်း စစ်တပ်ဘက်က စစ်အင်အားပိုဖြည့်လာတဲ့အပိုင်းရှိတယ်။ တိုက်ပွဲကနေ့တိုင်းကိုဖြစ်နေတာ“ဟုဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ဆိုသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် စစ်ကိုင်းတိုင်းမြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ များ စစ်ဆင်ရေးပိုလှုပ်ရှားလာပြီး တိုက်ပွဲပြင်းထန်နေသည့်အတွက်စစ်ဘေးရှောင်လူဦးရေလည်း ပိုမိုများလာနေသည်ဟု ဒေသတွင်း မီဒီယာနှင့်ကာကွယ်ရေးတပ်ဖွဲ့တွေကဆိုသည်။