မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပြန်လည်စတင်နေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာနှင့် လုံးတုံကျေးရွာကြားတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုပြန်လည်စတင်နေပြီဟု ဒေသခံများ ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုကြီးကြီးမားမားလုပ်ဆောင်နေသည့်အပေါ် ဒေသခံများကန့်ကွက်နေသည့်အတွက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်အပြီးတိုင် ရပ်နားခိုင်းလိုက်ပြီဖြစ်သည်

သို့သော် တစ်လကျော်ကြာပြီးနောက် မတ်လ ဒုတိယအပတ်မှစတင်ပြီး ထိုနေရာတွင် ရွှေတူးဖော်မှုကို စစ်တပ်ကပြန်လည် ခွင့်ပြုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ခုရွှေပြန်တူးနေတဲ့နေရာက လုံးတုံရွာနားမှာဘဲ စစ်တပ်ရဲ့ စခန်းနဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ဘဲ မိုင်အားဖြင့်က တစ်မိုင်လောက်ဘဲရှိတာလေ သူတို့မသိဘဲနေမလား သူတို့ပြန်ခွင့်ပြုထားလို့ စစ်တပ်ကခွင့်မပြုရင် ဘယ်သူလာလုပ်ရဲမလဲ။ သူတို့ကိုအခွန်ဆောင်ပြီး လုပ်နေကြတာ”ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်သည် ရွှေတူးဖော်ခွင့်အတွက် ငွေကြေးကောက်ခံကာ ပြန်လည်တူးဖော်ခွင့်ပြုနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။

လက်ရှိရွှေတူးဖော်နေသောနေရာသည် လုံးတုံနှင့် မမုံကိုင်ကြားရှိ တောထဲတွင်ဖြစ်ပြီး ရပ်ရွာတာဝန်ရှိသူများ၊ခရစ်ယာန်ဘာသာဝင်များနှင့် ဒေသခံများက ဆက်လက်တူးဖော်ခြင်းမပြုရန် သွားရောက်တားမြစ်ကြသော်လည်းရပ်နားပေးခြင်းမရှိဘဲ ညဘက်တွင် ဆက်လက်တူးဖော်နေကြောင်း သိရသည်။

အဆိုပါမြေနေရာသည် မမုံကိုင်ရွာနှင့် လုံးတုံကျေးရွာအကြားရှိ သင်္ချိုင်းမြေနဲ့အနီးဆုံးနေရာဖြစ်သည့်အပြင်ဒေသခံများစိုက်ပျိုးလုပ်ကိုင်စားသောက်နေကြသည့် လယ်မြေများနှင့်လည်း ရှိနေသည့်အတွက် ရွှေတူးဖော်မှုဆက်လက်လုပ်ဆောင်နေမည်ဆိုပါက သင်္ချိုင်းမြေနေရာ ပျက်စီးလာမည့်အပြင် လယ်မြေများလည်း ထိခိုက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း အခြားဒေသခံတစ်ဦးက ခုလိုပြောသည်။

“မမုံကိုင်ဧရိယာထဲမှာဆိုပေမယ့် သင်္ချိုင်းကတော့ လုံးတုံခရစ်ယာန်ဘာသာဝင်တွေရဲ့သင်္ချိုင်း သူတို့ရွှေတူးနေတဲ့နေရာနဲ့ သင်္ချိုင်းကမဝေးဘူး ပေ ၃၀၀ ကျော်လောက်ပဲရှိမှာ ဓာတ်တိုင် ၂တိုင် စာပဲရှိတယ် အဲ့မှာတူးနေကြတာ။ သူတို့ဆက်တူးနေမယ်ဆိုရင်တော့အဓိက သင်္ချိုင်းမြေပျက်စီးသွားမယ် ပြီးတော့ အခုတူးနေတဲ့အနီးမှာ လယ်တွေရှိတယ်အဲ့ဒီလယ်တွေလည်းထိခိုက်မယ်နောက်တစ်ခုက လယ်တောသွားဘာသွားအသုံးပြုနေတဲ့လမ်းရှိတယ် အဲ့တာတွေပျက်စီးသွားမယ် ဒေသခံတွေကတော့ကန့်ကွက်ကြတာပေါ့”ဟုဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ထို့အပြင် ရွှေတူးဖော်နေသောနေရာသည် နန့်ရင်းချောင်းအနီးတွင် ဖြစ်သောကြောင့် ရွှေတူးဖော်ရာတွင်လည်း နန့်ရင်းချောင်းရေကိုအသုံးပြုနေသည့်အတွက် ချောင်းရေထိခိုက်ပျက်စီးမှုနှင့် နန်းရင်းချောင်းစီးဝင်ရာ အင်းတော်ကြီးကန်ပျက်စီးလာနိုင်ကြောင်း ဒေသခံများကပြောသည်။

လက်ရှိအင်းတော်ကြီးဒေသ၌ အကြီးမားဆုံးရွှေတူးဖော်မှုကို လုံးတုံကျေးရွာနဲ့မိုင် ၂၀ ကျော်ဝေးသည့် နန့်ရင်းချောင်းဖျားတွင်လုပ်ဆောင်နေကြောင်းသိရသည်။

အင်းတော်ကြီးအိုင်ကို ၂၀၁၇ ခုနှစ်က ပြင်သစ်နိုင်ငံတွင် ကျင်းပသည့်  ၂၉ ကြိမ်မြောက်ယူနက်စကို ဇီဝအဝန်းနယ်မြေများ အစည်းအဝေးတွင် အင်းတော်ကြီးဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ဒေသအား ဇီဝအဝန်းနယ်မြေအဖြစ်သတ်မှတ်ခဲ့သည်။

သို့သော် အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုများကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် စတင်လုပ်ဆောင်လာသည့်အပြင် အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှုပိိုမုဆိုးဆိုးရွားရွား လုပ်ဆောင်လာခဲ့ကြသည့်အတွက် သဘာဝတောတောတောင်များ ပျက်စီးခြင်း၊ လယ်ယာမြေများပျက်စီးခြင်း၊ ငါးမျိုးစိတ်များ ရှားပါးလာခြင်းနှင့် အခြားဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်နေရ ကြောင်း ဒေသခံများက ပြောသည်။

Show More

Related Articles

Back to top button