မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ပူတာအိုဒေသတွင် ကြိမ်ခုတ်ယူ ရောင်းဝယ်မှုပြန်လည်ရှိလာ

ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုဒေသရှိ ကျေးရွာများတွင် ယခုနောက်ပိုင်း ကြိမ် အလွန်အကျွံ ခုတ်ယူကာ တရုတ်နိုင်ငံသို့ ရောင်းချမှုများ ပြန်လည်တွေ့မြင်လာရသည်ဟု ဒေသခံများ ပြောသည်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှစတင်ကာ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တွင် ကြိမ်ခုတ်သည့် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေပြီး ၁၂ ဘီးကားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုများရှိနေသည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG ကိုပြောသည်။

“ဒီဒေသမှာ ကြိမ်ခုတ်ယူပြီးတော့ မှောင်ခိုရောင်းဝယ်မှုတွေများလာတယ်။ ဘာလို့လဲဆိုတော့ တရားဝင်ကြိမ်ဝယ်တဲ့ ဒိုင်တွေက လိုက်ဝယ်ကြတဲ့ အချိန်လည်း မဟုတ်ဘူး။ အကြောင်းသိတဲ့သူတွေလောက်ပဲ သက်ဆိုင်ရာ တပ်စခန်းတွေနဲ့ ညှိပြီးတော့ လုပ်စားနေကြတာ။ ပြီးရင် ဒီကြိမ်တွေက တရုတ်ဘက်တင်ပို့ရောင်းချနေတာ”ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပူတာအိုဒေသတွင် ရွှေတူးဖော်မှု အလွန်အကျွံရှိနေသည့်အပြင် လက်ရှိတွင် ကြိမ် ကိုပါ အလွန်အကျွံ ခုတ်ယူရောင်းချမှုများရှိလာသည့်အတွက် သဘာဝစနစ် ချို့ယွင်းလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

လက်ရှိ ကြိမ်ခုတ်ယူရရှိနေသည့် နေရာများမှာ ပူတာအိုဒေသ ၅ နေရာခန့်တွင် လုပ်ကိုင်နေကြပြီး ပူတာအို အထက်ရှန်ဂေါင်နှင့် မလိခမြစ်ဖျားတစ်လျှောက်ရှိ ကျေးရွာနေရာတို့တွင် ဖြစ်သည်။

ထို့အပြင် ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းနှင့် ခင်ဒူယန် ကျေးရွာနေရာအထိ သစ်ထုတ်လုပ်သူများက ကြိမ်ကိုပါ ခုတ်ယူမှုများရှိနေသည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။

ပူတာအိုဒေသတွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ဝန်းကျင်အထိ ကြိမ်နီ၊ ကြိမ်တောင် အမျိုးမျိုးကို လွန်ကဲစွာ ခုတ်ယူ ရောင်းချမှုများရှိခဲ့ကြပြီး ယခု ဆယ်စုနှစ်တစ်ခုကျော်အကြာမှ ကြိမ်ထုတ်သည့် လုပ်ငန်းကို ပြန်လည်လုပ်ဆောင်လာခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button