သတင်း

လက်နက်ကြီးကျည်ထိမှန်ထားသည့် သားအမိနှစ်ဦးအတွက် ဆေးကုရန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့သည့် သားမိနှစ်ဦးအတွက် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း မိသားစုနှင့် နီးစပ်သူများမှ သိရသည်။

မတ်လ ၁၈ ရက်နေ့ ည ၆ နာရီအချိန်တွင် လုံးခင်းအုပ်စု သာသနာ့နယ်မြေ (ဒေသအခေါ် မျောက်ကုန်း) အနီး ရဲကားတစ်စီးကို KIA နှင့် PDF ပူးပေါင်းတပ်မှ သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့် အသက် ၃ နှစ်ကလေးတစ်ဦး မိသားနှစ်ဦးတို့ ကျည်ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိထားခြင်း ဖြစ်သည်။

ကလေးကတော့ လက်တစ်ဖက် ဖြတ်လိုက်ရတယ်။ ဆရာဝန်တွေကမဖြတ်လို့မရဘူးဖြတ်ရမယ့် အခြေအနေဖြစ်နေလို့တဲ့။ အသားတွေ အကုန်ပွင့်ထွက်သွားတယ်အရိုးဖောက်သွားတာ ကလေးကတော့ မစိုးရိမ်ရတော့ဘူး။ ဒါပေမယ့် ဆေးခန်းတော့ ခနနပြနေရအုံးမယ်။ အမေဖြစ်သူက ခေါင်းထိတော့ သတိမရတစ်ချက်ရတစ်ချက်ဖြစ်နေတယ်။ အာရုံကြောကုရမှာ ဖားကန့်မှာ မနိုင်ဘူး မန္တလေးပို့ရမယ် ပြောတယ်ဟုမိသားစုနှင့် ရင်းနှီးသည့် အမျိုးသားတစ်ဦးက ပြောသည်။

မိခင်ဖြစ်သူသည် လက်ရှိဖားကန့်ဆေးရုံရှိ ခွဲစိတ်ခန်းတွင် ကုသမှုခံယူနေဆဲဖြစ်ပြီး အာရုံကြောပိုင်းဆိုင်ရာ ကုသရမည် ဖြစ်သည့်အတွက် ဆရာဝန်များ၏ ခန့်မှန်းထားချက်အရ ငွေကျပ် သိန်း ၁၀၀ ကျော်ကုန်ကျနိုင်မည်ဟုသိရသည့်အတွက် ငွေကြေးအကူအညီ လိုအပ်နေကြောင်း သိရသည်။

ကျည်ထိမှန်ထားသည့် သားအမိ၏ ဖခင်သည်လည်း ပစ်ခတ်မှုဖြစ်စဉ်တွင်ကျည်ထိမှန်ပြီး  ပွဲချင်းပြီး သေဆုံးသွားသည့်အပြင် လက်ရှိကျည်ထိထားပြီး အရေးပေါ်ခွဲစိတ်ရန်လိုအပ်နေသည့်မိခင်ဖြစ်သူမှာ အသက် ၂၃ နှစ်အရွယ် မခင်မွှေးမွှေးဆိုသူဖြစ်ပြီး လက်တစ်ဖက်ဖြတ်ပစ်လိုက်ရသည့်သားသည် အသက် ၂ နှစ်ခွဲအရွယ် မောင်ဉာဏ်လင်းအောင်ဖြစ်ကြောင်း သိရသည်။

သူ့အဖေဖြစ်သူက ပွဲချင်းပြီးဆုံးတာဆိုဘဲ ခုသားအမိ နှစ်ယောက်ကျန်နတာကလည်း သားက ဘယ်လက် ဖြတ်ပစ်လိုက်ရတယ်။ အမေဖြစ်သူကလည်း သတိရတစ်ချက်မရ တစ်ချက်ဖြစ်နေတယ်ဟုနောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိသားစုဝင် ၃ ဦးသည် လန်းဆန်းသာယာ အမှတ် ၄ မလန်းအုပ်စုတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ မျောက်ကုန်းရှိစစ်တပ်စခန်းအနီး  ရဲကားတစ်စီး တိုက်ခိုက်ခံရပြီးနောက် ရဲသုံးဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သောကြောင့် စစ်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ငြိမ်းချမ်းသာယာကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ နေအိမ်တစ်အိမ်မှ ၃နှစ်ကျော်ကလေးငယ်နှင့် မိဘ ၂ ပါးနှင့် လမ်းသွားလမ်းလာ အမျိုးသား ၃ ဦး စုစုပေါင်း ၆ ဦး ကျည်ထိမှန်သေဆုံး ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်က ယမန်နေ့တွင် မျောက်ကုန်းရပ်ကွက်ရှိ လူနေအိမ် ၃၀ ကျော်ကိုလည်း ဖျက်ဆီးဖယ်ရှားပစ်ခဲ့ပြီး လက်ရှိအချိန်ထိ မျောက်ကုန်းရပ်ကွက်တွင် အရပ်သားများ ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားကြောင်းသိရသည်။

Show More

Related Articles

Back to top button