သတင်း

ပိတ်မိနေသည့် နန့်သာနှင့် မော်တိတ်ကျေးရွာဒေသခံများ ရိုက်နက်ခံရမှုများရှိနေ

အင်းတော်မြို့နယ် နန့်သာကျေးရွာနှင့် မော်တိတ်ကျေးရွာတို့တွင် ပိတ်မိနေသောပြည်သူများကို ညဘက် ဘုန်းကြီးကျောင်းများတွင် စုအိပ်ရန် စစ်တပ်က အမိန့်ထုတ်ထားပြီးနောက် နောက်ကျပါက ရိုက်နက်မှုများ ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် တပ်စွဲနေသော နန့်သာကျေးရွာနှင့် မော်တိတ်ကျေးရွာတို့တွင် စစ်တပ်ထောက်ခံသူများနှင့် စစ်ကြောင်းဝင်ရောက်လာစဉ် ထွက်မပြေးလိုက်ရသော ဒေသခံများကို စစ်တပ်က ယခုလို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု နန့်သာအုပ်စု အင်ပင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“သူတို့ သတ်မှတ်ထားတဲ့အချိန်ကိုမရောက်ရင်အရိုက်ခံရတယ် အထုခံရတယ် ဆဲဆူခံရတယ် သူတို့က ၆ နာရီသတ်မှတ်ထားရင် ၆ နာရီရောက်မှ တဲ့တာပေမယ့်ကိုယ့်အိမ်ကိုပြန်မအိပ်ရဘူးတဲ့ ဘုးန်ကြီး ကျောင်းမှာပဲအိပ်ရတယ်တဲ့ ရောက်ပြီဆိုရင်လည်း ရောက်ပြီဆိုတဲ့အကြောင်း ပြောရတယ်တဲ့ အခက်အခဲကတော့ရှိတာပေါ့ အဲ့လောက်ကြီးတင်းကြပ်ထားတော့”ဟု အထက်ပါအမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါပိတ်မိနေသည့် ကျေးရွာ ၂ ရွာမှ ပြည်သူများ၏ လူဦးရေစာရင်းကို အိမ်ထောင်စုလိုက် ကောက်ယူထားပြီး မနက် ၆ နာရီမှ ည‌ ၆ နာရီအတွင်းသာ အပြင်ထွက်ခွင့်ပြုထားသည်ဟု ဆိုသည်။

“မော်တိတ်မှာလည်းအတူတူပဲနောက်ကျရင်တော့ အခြေအနေပေါ်မူတည်ပြီးအပြစ်အမျိုးမျိုးပေးတယ်။ သုံးလေးရက်လောက် လုံးဝအပြင်မထွက်ခိုင်းပဲနဲ့ချုပ်ချယ်တာမျိုးပြီး ရိုက်တာမျိုးတွေလည်းရှိတယ်ဗျ“ဟုထွက်ပြေးတိမ်းရှောင်နေသည့် မော်တိတ်ဒေသခံအမျိုးသား တစ်ဦးကပြောသည်။

အဆိုပါပိတ်မိနေသည့် ဒေသခံများသည် နေ့ခင်းဘက်အပြင်ထွက်၍ ရသော်လည်း ညဘက်သတ်မှတ်ထားသည့် အချိန်အတွင်း ပြန်မလာပါက နေအိမ်ကိုမီးရှို့ခြင်း၊ ကျန်ရစ်မိသားစုများကို ရိုက်နက်ခြင်းများပြုလုပ်မည်ဟု စစ်ကောင်စီတပ်ခြိမ်းခြောက် ထားသောကြောင့် မပြန်မဖြစ်ပြန်နေရသည့် အခြေအနေဖြစ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

နန့်သာကျေးရွာတွင် လူဦးရေ ၂၀၀၀ နီးပါအနက် ၂၀၀ ကျော်ပိတ်မိနေပြီး မော်တိတ်ကျေးရွာတွင် လူဦးရေ ၁၅၀၀ ကျော်ရှိသည့်အနက် ၄၀၀ ကျော်ပိတ်မိနေခြင်းဖြစ်သည်။

မော်တိတ်နှင့် နန့်သာတွင် စစ်ကောင်စီတပ်အထိုင်ချနေသောကြောင့်လက်ရှိတွင် အောင်းကုန်း၊ အင်ပင်၊တုံ့တော်၊ရွာသာရွာ စသည့်ကျေးရွာများမှ ဒေသခံပြည်သူများလည်း တောတောင်များထဲတွင် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဟုသိရသည်။

နန့်သာကျေးရွာတွင် ယခုနှစ် မတ်လ ၂၀ ကျော်ကတည်းက စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော် ဝင်ရောက်တပ်စွဲနေပြီး မော်တိတ်တွင်မှု မေလ လကုန်းပိုင်းကတည်းက အင်အား ၈၀ ခန့်ဝင်ရောက် တပ်စွဲနေပြီး တပ်မ ၇၇ တပ်ဟုသိရသည်။

Show More

Related Articles

Back to top button