စစ်ပြေးဒုက္ခသည်များသတင်း

စစ်ရှောင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့် ရှောက်မှုလိုအပ်နေ

ရွှေကူမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ စစ်ရှောင် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် KPDF တို့အကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ရွှေကူမြို့နယ် မံဝင်း၊ နောင်လတ်ကြီး၊ နန့်လန်၊ စီသာ၊ စီသောင်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၂ ရွာမှ စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်မိခင် ဦးရေ ၅၀ ခန့်ရှိသည့်အနက် အချို့မှာ တောတောင်များတွင် ခက်ခက်ခဲခဲဖြစ် မီးဖွားနေရသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း မံဝင်းကျေးရာ မီးဖွားဆရာမတစ်ဦးက KNG ကို ပြောသည်။

ကျွန်မအနေနဲ့ အရင်လတွေထဲမှာ မွေးပေးခဲ့တဲ့လူရှိတယ် ၄ ယောက် လောက်ရှိတယ်။ သူတို့ကိုတော့ ဒီတိုင်းပဲ တောထဲမှာ ခက်ခက်ခဲခဲနဲ့မွေးပေးရတာပါ့။ နေရာထိုင်ခင်းကလည်း မကောင်းတောထဲမှာဆိုတော့ တချို့နည်းနည်း တတ်နိုင်တဲ့သူက မြို့ထဲမှာသွားမွေးကြတယ်။ ဘာအထောက်အကူမှမရှိပဲ တောထဲမှာမွေးရတော့ ခက်ခက်ခဲခဲမွေးရတဲ့ လူအတွက်ဆိုရင်တော့ အသက်အန္တာရာယ်တောင်စိုးရိမ်ရပါတယ်ဟု ပြောသည်။

စစ်ရှောင်ရင်းတော၌ ခက်ခက်ခဲခဲ မီးဖွားထားရသည့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆေးဝါးများ အထူးလိုအပ်နေသည့်အပြင် မီးမဖွားသေးသည့်ကိုယ်ဝန်ဆောင် မိခင်များအတွက်လည်း ကာကွယ်ဆေးထိုးဖို့ရန် လိုအပ်နေကြောင်း သိရသည်။

အထက်ဖော်ပြခဲ့သည့် ကျေးရွာ ၁၂ ရွာမှ ကိုယ်ဝန်ဆောင်များသည် စစ်ဘေးမရှောင်ခင် စီတာတိုက်နယ်ဆေးရုံတွင် ကာကွယ်ရေးသွားရောက် ထိုးနှံလျက်ခဲ့ကြသော်လည်း လက်ရှိယင်းတိုက်နယ်ဆေးရုံတွင် သူနာပြုဆရာမများ မရှိသောကြောင့် ကိုယ်ဝန်ဆောင် မိခင်များကာကွယ်ဆေး ထိုးနှံရမည့်အခွင့်အရေးလည်းဆုံးရှုံးနေကြောင်း ကိုယ်ဝန်ဆောင် မိခင်များက ပြောသည်။

ကျွန်မတို့ရွာပျက်ပြီးကတည်းက သုံးလပိုင်းကတည်းကနေ ဆေးမထိုးရတော့ဘူး ကိုယ်ဝန်ဆောင်မိခင်တွေ ကာကွယ်ဆေး။ ကိုယ်ဝန်ဆောင်ပြီးသုံးလ ပြည့်မှ ကာကွယ်ဆေးထိုးရတာ ၂ လဆက်တိုက်ပေါ့ ကျွန်မက အရံသားဖွားဆိုတော့ မထိုးပေးဘူး ဆရာမတွေပဲထိုးပေးတာ အခုဆရာမတွေကမရှိတော့ဘူးလေဟု အထက်ပါအမျိုးသမီး ပြောသည်။

ယခုကဲ့သို့ ဆေးရုံ၊ ဆေးခန်းမရှိသည့်အတွက် ငွေကြေးတတ်နိုင်သောကိုယ်ဝန်ဆောင်မိခင်အချို့သည်လည်း ၁၀ မိုင်ကျော်ဝေးသည့် ရွှေကူမြို့ပေါ် ဆေးရုံ၊ ဆေးခန်းများသို့ သွားလာရန် ခက်ခဲနေသည်ဟု သိရသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင် ကာကွယ်ဆေးသည် ကိုယ်ဝန်ရပြီး လေးလအကြာတွင် ၂ကြိမ်တိတိ ထိုးနှံရမည်ဖြစ်သော်လည်း ရွှေကူနယ်ရှိ စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင်အချို့တွင် တစ်ကြိမ်မျှမထိုးရသေးသူများလည်းရှိ‌ကြောင်း သိရသည်။

ခါတိုင်းဆိုရွာမှာပဲရှိတယ်ဆေးရုံက အခုကမရှိဘူး။ Nurse တွေလည်းမရှိဘူး ဘယ်သူမှမရှိဘူး။ ဒီမှာကဆေးရုံက ပိတ်နေကြာပြီ အဲ့ကြောင့်အခက်အခဲတွေတော့ရှိတာပါ့ မမွေးသေးတဲ့ဟာတွေလည်းအများကြီး တတ်နိုင်တဲ့လူကတော့ မြို့ထဲမှာ ခွဲခန်းသွားပြကြတယ်။ မတတ်နိုင်တဲ့လူကတော့ ဒီတိုင်းပဲနေကြတယ် ဟိုဆေးစားဒီဆေးစားတွေနဲ့ဟု စီသာကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ မိခင်ဖြစ်သူက ပြောသည်။

စစ်ကောင်စီတပ်သည် ရွှေကူအရှေ့တောင်ဘက်ကို မတ်လ ၂၀ ကျော်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ရာ KIA  PDF တို့၏ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့်အထိနာခဲ့ပြီးနောက် ကျေးရွာပေါင်း ၁၂ ရွာ ကိုမီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံများ ယခုထိစစ်ရှောင်နေရဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button