သတင်း

ဖားကန့်လမ်းကို ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးပမ်းလာ

ဖားကန့်သွားတဲ့လမ်းမကြီးပေါ် တစ်လျှောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားများပြတ် တောက်နေတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က တပ်စခန်းအသစ်ချပြီး အုပ်ချုပ်ရေးယန္တရားတွေနဲ့ ထိန်းချုပ်ဖို့ စစ်အင်အားတိုးချဲ့တာတွေ လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့လောက်ကနေ မိုးကောင်းမြို့နယ်ဘက်ကနေ စစ်ကား ၃ စီးနဲ့ စစ်အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတစ်ခုဟာ ဖားကန့်ဘက်ကို ဦးတည်တက်လာနေပြီးတော့ ဖားကန့်လမ်းမတစ်လျှောက်မှာရှိတဲ့ ဆိုင်းဖရာ၊ တံတားညီနောင်၊ ပျားအုံနဲ့ ခွန်စိုင်ဇွပ် စတဲ့ကျေးရွာတွေမှာ တပ်ချနေထိုင်ဖို့ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဖြစ်တယ်လို့ ဆိုင်းဖရာဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

“အဲဒီစစ်ကြောင်းတွေက ဒီဖားကန့်လမ်း တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို ထိန်းချုပ်ဖို့ တက်လာတဲ့အဖွဲ့ဖြစ်တယ် လို့ သိကြားနေရတယ်။ အဓိကတော့ ဒီကျေးရွာတွေမှာ သူတို့ရဲ့ အုပ်ချုပ်ရေးစနစ်တွေ လည်ပတ်နိုင်ဖို့လို့ပြောတယ်။ ဒီတစ်ဝိုက်မှာက စစ်တပ်စခန်းတွေမရှိသေးဘူး။ ပြီးရင် ဒီနေရာတွေက KIA က ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တယ်”လို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ အဲဒီကျေးရွာတွေရှိတဲ့ နယ်မြေတစ်ခုလုံး ထိန်းချုပ်ဖို့ဖြစ်ပြီးတော့ တပ်စခန်းနေရာကို ဆိုင်းဖရာကျေးရွာဒေသခံ ပြည်သူတွေရဲ့ ဘာသာပေါင်းစုံဆုတောင်းတောင်နေရာမှာ တပ်နေရာချဖို့ ပြင်ဆင်နေတာတွေကြားနေရတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

“အစကတည်းကနေ သိထားတာက အားလုံးနဲ့ သက်ဆိုင်တဲ့ ဆုတောင်းတောင် တပ်နေရာလုပ်ဖို့ ကြားထားတယ်။ ဒါပေမယ့် အခုထိတော့ အဲနေရာတွေမှာ သွားလာတာမျိုးတော့မရှိသေးဘူး။ အခုက တက်လာတာနဲ့ တစ်ခါတည်း တပ်စခန်းလုပ်ပြီးနေကြမလား။ ဒါမှမဟုတ် သူတို့တပ်စခန်းရှိတဲ့နေရာတွေမှာ ဝင်ပြီးမှ ဝင်လာကြမလား သေချာပြောဖို့တော့ ခက်နေသေးတယ်”လို့ပြောပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ဆိုင်းဖရာ၊ တံတားညီနောင်၊ ပျားအုံ၊ ခွန်စိုင်ဇွပ် စတဲ့ကျေးရွာတွေဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာသွားနေတဲ့ ကျေးရွာတွေဖြစ်တယ်လို့ ယူဆထားတဲ့အတွက် အခုလို လုပ်ဆောင်လာတာ ဖြစ်နိုင်သလို အနီးတဝိုက်ရှိတဲ့ ရွှေမှော်ဒေသများကိုလည်း ထိန်းချုပ်ဖို့အတွက်လည်း ဖြစ်တယ်လို့ပြောပါတယ်။

လက်ရှိ မိုးကောင်းဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အဲဒီကျေးရွာတွေမှာ လာရောက်တပ်စွဲနေထိုင်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ဒေသအတွင်း တိုက်ပွဲဖြစ်လာစိုးရိမ်နေတာကြောင့် ကျေးရွာနေပြည်သူတွေဟာ ရွာကနေ ရွှေ့ပြောင်းနေထိုင်ဖို့အထိ စိုးရိမ်မှုဖြစ်နေကြတယ်လို့ သိရပါတယ်။

ဖားကန့်သွားလမ်းမပေါ်မှာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ နန့်ယားစစ်တပ်စခန်းနေရာမှာလည်း လမ်းသွားလမ်းလာ ခရီးသည်တွေနဲ့ ကျေးရွာနေ ဒေသခံပြည်သူတွေကို သွားလာရေးကန့်တာတွေ၊ စစ်ဆေးမေးမြန်းသွားတွေ တင်းကြပ်ထားတာကြောင့် အခုလို စစ်ကောင်စီတပ်စခန်းများ ထပ်မံတိုးချဲ့လာမယ်ဆိုင်ရင် ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်တာတွေအထိဖြစ်လာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ ဖားကန့်ဘက်ကို တက်လာတဲ့ စစ်ကြောင်းဟာ ဩဂုတ်လ ၁၇ ရက်နေ့မှာ ဒွမ်ဘုံး စစ်တပ်စခန်းကနေ လဝါးဖားကန့် လမ်းဘက်ကို ဦးတည်ပြီး တက်လာတဲ့အချိန်မှာ လက်ရှိ လဝါးနဲ့ ဒွမ်ဘုံးကြားမှာ တောခိုပျောက်နေတယ်လို့ လဝါးဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

“စစ်ကား ၃ စီးနဲ့ စစ်သားတွေတက်လာတာက မှန်ပါတယ်။ ဒွမ်ဘုံးတပ်စခန်းမှာ အိပ်ပြီးတော့ မနေ့ညနေပဲ ဒီဖားကန့် ဘက်ကို ပြန်ထွက်လာတယ်။ အခုလဝါးတဝိုက်မှာပဲ ပျောက်နေတယ်။ အဲ့စစ်ကြောင်းက ဘယ်နားရောက်နေလဲမသိဘူး။ တစ်ချို့ပြောတာက အဲ့ဒီနားတဝိုက်မှာ ပျောက်နေတယ်လို့ပဲသိရတယ်”လို့ပြောပါတယ်။

လဝါးဒေသတွေပြောဆိုချက်အရ အဲဒီ စစ်ကောင်စီ စစ်ကြောင်းဟာ ဖားကန့် သွားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ တပ်အရွှေ့အပြောင်းအတွက် တက်လာကြတဲ့ သူတွေဖြစ်နိုင်ပြီး လက်ရှိ ဖားကန့်ဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာတွေ ရှိနေတာကြောင့် စစ်အင်အားတိုးချဲ့လာတာလည်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းတပ်တို့က ဆိုင်းဖရာကျေးရွာကို စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမှုများရှိခဲ့ပြီး ဆိုင်းဖရာအပါအဝင် တံတားညီနောင်၊ ပျားအုံနဲ့ ခွန်စိုင်ဇွပ်စတဲ့ ကျေးရွာနေပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းအသုံးပြုတာတွေ၊ ဖမ်းဆီးရိုက်နက်တာတွေ ပုံမှန်ပုံလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button