သတင်း

ဗန်းမော် – လွယ်ဂျယ် ကားလမ်းပိုင်း ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ထားဆဲဖြစ်တဲ့အတွက် ပြည်သူများအခက်တွေ့နေ

ဗန်းမော် – လွယ်ဂျယ်ကားလမ်းမကြီးကို စစ်ကောင်စီတပ်က စားသောက်ကုန်များနဲ့ အခြားကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့် ပိတ်ဆို့ထားတာ ၂ ပတ်ဝန်းကျင်လောက် ကြာမြင့်လာပြီဖြစ်တဲ့အတွက် လွယ်ဂျယ်ဘက်မှာ ရှိတဲ့ပြည်သူတွေမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်ကနေ ဗန်းမော်ဘက်က အဓိကတင်သွင်းနေတဲ့ ဆန်၊ ဆီ၊ အခြားစားသောက်ကုန်ပစ္စည်းနဲ့ ဆေးဝါးများပါ မကျန်သယ်ယူခွင့်ပိတ်ဆို့ထားတဲ့အတွက် လွယ်ဂျယ်မြို့ပေါ်မှာ ကုန်စျေးနှုန်းများအဆမတန်မြင့်တက်နေပြီး ပြတ်လပ်မှုများရှိနေတယ်လို့ လွယ်ဂျယ်ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

အခုလောလောဆယ်က ဘာမှကို သယ်လို့မရဘူးဖြစ်နေတယ်။ အဖွဲ့အစည်းတစ်ချို့က ဒီမှာ သင်တန်းတစ်ခုလာပေးတယ်။ အစားအသောက်လိုအပ်လို့ ဗန်းမော်ဘက်ကနေ သယ်ယူဖို့လုပ်တာမရဘူး။ အခုက ကားစီးရင်တောင် ကိုယ့်ပစ္စည်းအထုတ်လောက်ပဲ သယ်ယူခွင့်ပေးတာ။ ဘာမှလည်းသယ်ခွင့်မပေးတော့ ကြာလာရင် ပြည်သူတွေပဲ ခက်ခဲလာကြတယ်။ ဆန်တွေမဝင်တော့ ဆန်ဆိုင်တွေမှာ လုဝယ်ကြတာရှိတယ်။ ပြီးရင် ဆန်စျေးတွေကလည်း တအားတက်လာတယ်။ ပစ္စည်းလိုလို့ သွားဝယ်ရင်တောင် ပြတ်နေတယ်လို့ပဲပြောလာတယ်လို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ ဗန်းမော်နဲ့ လွယ်တစ်လျှောက်မှာရှိတဲ့ စစ်တပ်ဂိတ်နေရာ ၃ ခုလောက်မှာ တားမြစ်ထားတဲ့ စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးရေးတင်းကြပ်နေပြီး ကုန်ပစ္စည်းပါရှိတဲ့ ကားသမားများကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ပြောပါတယ်။

ဒါကြောင့် ဗန်းမော်ကနေ လွယ်ဂျယ်ဘက်ကို သွားမယ့် ကားတွေက သူတို့ရဲ့ ကားဂိတ်နေရာတွေမှာတင် စစ်တပ်က တားမြစ်ထားတဲ့ ကုန်ပစ္စည်းများကို သယ်ယူခွင့်မပြုပဲ ခရီးသွားကြမယ့် ခရီးတွေလောက်ပဲ ပို့ဆောင်ရေး လုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၆ ရက်လောက်ကနေ လိုင်စင်မရှိတဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးမှုတွေပြုခဲ့ပြီးတော့ လက်ရှိမှာ လိုင်စင်ရှိတဲ့ ကားများသာ သွားလာခွင့်ရရှိနေတဲ့အတွက် ယခင်ကထက် လွယ်ဂျယ်ဘက်ကို သွားတဲ့ ကားသမားများ သိသိသာသာ လျှော့နည်းသွားတယ်လို့ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ကနေ စားသောက်ကုန်ပစ္စည်းများ သယ်ယူခွင့်ပိတ်ဆို့မှုနဲ့ လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးမှုတွေ လုပ်ဆောင်လိုက်တာဟာ ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချုပ်နယ်မြေတွေမှာ စားသောက်ကုန်းများ ဖြတ်တောက်ပေးလိုက်တဲ့ သဘောဖြစ်တယ်လို့ လွယ်ဂျယ်ဒေသခံက ဆက်ပြောပါတယ်။

ဒီဟာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် မြစ်ကြီးနားဘက်ကလည်း ပိတ်ထားတာဟုတ်တယ်။ ပြီးရင် အခုကျနော်တို့ဘက်ကို ပြန်ပိတ်လိုက်တဲ့ သဘောလို့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆန်၊ ဆီ၊ ဆား ကုန်းပစ္စည်းတွေက ဒီလမ်းကနေ ပိုပြီးတော့ ဝင်တာများတယ်လေ။ အဲ့ကြောင့် KIO ဒေသတွေကို ထိန်းချုပ်လိုက်တယ်လို့ပဲမြင်ပါတယ်ဆက်ပြောပါတယ်။

ဗန်းဘက်ကနေ ဝင်တဲ့ ကုန်ပစ္စည်းတွေဖြစ်တွေဟာ လွယ်ဂျယ်၊ KIO ထိန်းချုပ်နယ်မြေတွေသာ မကပဲ တရုတ်ဘက်ခြမ်းအထိ ဝင်ရောက်နေတဲ့အတွက် အခုလို စစ်ကောင်စီဘက်နေ ဖြတ်တောက်ပေးလိုက်တဲ့အတွက် အများပြည်သူတွေသာ ကုန်စည်ပြတ်လပ်မှုပြဿနာကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဘက်နေ ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ဆို့မှုကို အချိန်ဘယ်အလောက်ထိ ပိတ်ဆို့သွားမှာကို သေးစိတ်ပြောဆိုထားတာမျိုးမရှိပဲ စစ်ကောင်စီကနေ ခွင့်ပြုထားတဲ့အတိုင်းသာ ခရီးပို့ဆောင်ရေးလုပ်ဆောင်ပေးနေတယ်လို့ ဗန်းမော်ကားဂိတ်မှာရှိနေတဲ့ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

အခုပိတ်ဆို့ထားတဲ့အခြေအနေမှာက အဓိကတော့ စားသောက်ကုန်နဲ့ ဆေးဝါးတွေတင်ခွင့်မပေးဘူး။ အခု လိုစင်ကားတွေနဲ့ သွားလာခွင့်ရတော့ လိုင်စင်မရှိတဲ့ ကားတွေက သွားလို့မရတော့ဘူးပေါ့။ စစ်ဆေးတာတွေက ဗန်းမော်မြို့အထွက် ၅ မိုင် ဂိတ်နေရာကနေ တောက်လျှောက်စစ်တော့တာပဲ။ ဘယ်အချိန်ပြန်ဖွင့်ပေးမှာကို မသိးရပါဘူးလို့ပြောပါတယ်။

ဗန်းမော် – လွယ်ဂျယ်လမ်းတစ်လျှောက် စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်ထားတဲ့ စစ်ကောင်စီ စစ်တပ်ဂိတ်တွေကတော့ ဗန်းမော်မြို့အထွက် ၅ မိုင်စစ်တပ်ဂိတ်၊ ခဝမ်ပါနဲ့ ဇင်လွမ် စတဲ့ စစ်တပ်ဂိတ်နေရာတွေဖြစ်ပါတယ်။

အခုလို ပိတ်ဆို့တားမြစ်တာတွေရှိနေတာကြောင့် ခရီးသွားမယ့် သူများနေနဲ့ ယခင်က ကားတစ်မှတ်တစ်စောင် ၄ သောင်းကနေ လက်ရှိပေါက်စျေး ၆ သောင်းခွဲအထိမြင့်တက်နေပြီး လွယ်ဂျယ်မြို့ပေါ်မှာ ဆန်တစ်အိတ်ကို တရုတ်ငွေ ၂ ရာဝန်းကျင်လောက်ရှိတဲ့ ဆန်အိတ်တစ်အိတ်က လက်ရှိ ၃ ရာကျော်အထိ စျေးမြင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဘက်ကနေ အခုလို ကုန်ပစ္စည်းသယ်ယူခွင့်များပိတ်ဆို့လိုက်တာဟာ ပြီးခဲ့တဲ့ ဇွန်လ နောက်ပိုင်းက KIO ထိန်းချုပ်နယ်မြေ လိုင်ဇာအနီးတဝိုက် နမ်ဆန်ယန်ကျေးရွာဘက်မှာ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင်ရောက် ထိုးဝင်လာတာကြောင့် မြစ်ကြီးနား ဗန်းမော်လမ်းတစ်လျှောက်တိုက်ပွဲများမှာ တိုက်ပွဲတစ်လ ဝန်းကျင်လောက်အထိ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ကြောင့် စစ်ကောင်စီဘက်နေ အခုလိုပိတ်ဆို့မှုများ လုပ်ဆောင်လာတာပဲဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနားဝိုင်းမော်မြို့နယ် ကားလမ်းပိုင်းတွေကိုလည်း တိုက်ပွဲဖြစ်ပွားခဲ့ ဇူလိုင်လလောက်ကနေ စစ်တပ် ၂ ဖက်သွားလာခွင့်ပိတ်ဆို့လိုက်တာဟာ အခုဩဂုတ်လအထိဖြစ်ပါတယ်။

Show More

Related Articles

Back to top button