သတင်း

မိုးကောင်းမှာ ကျောင်းလာကြိုတဲ့ စစ်ကားပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး

ကချင်ပြည်နယ် မိုးကောင်းမြို့ အထက ၁ ကျောင်းအနီး ကျောင်းသား၊ သူတွေကို ကျောင်းလာကြိုတဲ့ စစ်ကားတစ်စီး ပစ်ခတ်ခံရလို့ စစ်သား ၂ဦးသေဆုံးခဲ့တယ်လို့ မိုးကောင်းဒေသခံတွေဆီကသိရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ အဲဒီစစ်ကားဟာ သံလွင်တည်းခိုခန်း အနီးရပ်ထားချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ မိုးကောင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကျောင်းကြိုတဲ့ကားပစ်ခတ်ခံရတာ နှစ်ယောက်တော့ အဲ့မှာလဲကျသွားတယ်လို့ သိရတယ်။ မိုးကောင်း အထက ၁ရဲ့ အရှေ့ဘက်အပေါက် သံလွင်တည်းခိုခန်း သံလမ်းမကူးခင် ကျောင်းနဲ့ အဲ့တည်းခိုခန်းက မျက်နှာချင်းဆိုင် အဲ့ထောင့်မှာသူတို့ကရပ်တာ ကျောင်းမလွတ်သေးခင်ပေါ့ သူတို့က ကျောင်းမလွတ် ခင်ကြိုရောက်နေတယ်ထင်တယ်လို့ပြောပါတယ်။

အဲ့ဒီပစ်ခတ်ခံရမှုကို ဘယ်အဖွဲ့က ပစ်ခတ်သွားလဲဆိုတာကိုတော့မသိရသေးဘဲ စစ်ကောင်စီတပ်ဘက်က သေဆုံးခဲ့သူကိုတော့ ပရဟိတအသင်းက ကားနဲ့လာရောက်ကောက်ယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ပစ်ခတ်ခံရတဲ့နောက်မှာတော့ စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးအဖွဲ့တွေ အထက ၁ ကျောင်းနဲ့ အနီးတစ်ဝှိုက်ကို ရောက်လာပြီး သေနတ်နဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိချိန်မှာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ မြို့မစျေးကိုလည်း ပိတ်ခိုင်းလိုက်ပေမယ့် အထက ၁ စာသင်းကျောင်းက ကျောင်းသား၊သူတွေကိုတော့ ကျောင်းလွတ်ပေးသေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

Show More

Related Articles

Back to top button