ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

မုံရွာမှာ ပျူစောထီးတပ်ဖွဲ့က အရပ်သားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေးကြေးမုံရွာမှာ မနေ့က နေ့လည်ပိုင်း ၁၂ နာရီလောက်က အရပ်သားတစ်ယောက်ကို ပျူစောထီးတပ်ဖွဲ့တွေက နားထင်ကိုသေနတ် နဲ့ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တောပုပျူရွာ နဲ့ မြေနဲစွမ်းရည်ထက် ဂိတ်စခန်းက ပျူစောထီးတပ်ဖွဲ့တွေဟာ အင်အား ၃၀ကျော်လောက်နဲ့ မုံရွေးကြေးမုံရွာဘက်ကို မိုင်းရှင်းလင်းရေးလုပ်တဲ့အချိန် ကာကွယ်ရေးတပ်ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာခဲ့တဲ့အတွက် မုံရွေးကြေးမုံရွာထဲ ဝင်စီးပြီး အခုလို ဒေသခံတစ်ယောက်ကို ပစ်သတ်ခဲ့တာလို့ မုံရွေးကြေးမုံရွာခံတစ်ယောက်က ပြောပါတယ်။

“သူတို့ကို မိုင်းဆွဲလိုက်တာ ၃ ယောက်ကျတယ်ပြောတယ် အဲ့မှာ ရွာထဲကိုရုတ်တရက်ဝင်လာတာ အခုက ရွာကသူတွေကလည်း ဘုန်းကြီးကျောင်းတွေမှာစုကြတာကို အဲ့တာ ဘုန်းကြီးကျောင်းထဲကနေတစ်ယောက် ကိုခေါ်ပြီး ရွာစာကြည့်တိုက်နားမှာ ရုတ်တရက် နားထင်ကိုတေ့ပစ်သွားတာ”လို့ပြောပါတယ်။

သတ်ဖြတ်ခံရသူဟာ ကိုနေမျိုးအောင် အသက် ၄၀ နှစ်အရွယ်ဖြစ်ပြီး မုံရွေးကြေးမုံဘုန်းကြီးကျောင်းမှာ ကားမောင်းပေးတဲ့ ပြည်သူတစ်ယောက်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

အဲ့ဒီ ပျူစောထီးတပ်ဖွဲ့တွေဟာ သူတို့တပ်စွဲရာ တောပုပျူစခန်းနဲ့ ၄မိုင်လောက်အကွာကချောင်းဦးမြို့နယ် ကင်မွန်းတော်ပျူရွာကို ရိက္ခာ နဲ့ ပစ္စည်းတွေထောက်ပံ့ ဖို့လုပ်နေတာဖြစ်တယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ယောက်ကပြောပါတယ်။

“ကြားထာတာကတော့ သူတို့က ချောင်းဦးမှာ နောက်လ ၈ ရက်နေ့ကို ဘုရားပွဲလုပ်မယ်လို့ကြားတယ် အဲ့အတွက် ရိက္ခာတွေထောက်ပံ့ဖို့ မိုင်းရှင်းလင်းရေးလုပ်နေတာ အဲ့တာမိုင်းရှင်းပြီးအပြန်မိုင်းဆွဲခံရပြီး အထိနာသွားတော့ မုံရွေးကြေးမုံထဲဝင်တော့တာ”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ဝါဒဖြန့်တဲ့တယ်လီဂရမ်ချန်နယ်လ်တွေမှာ ကိုနေမျိုးအောင်ဟာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မုံရွာအမြင့်လမ်းသတင်းမှန်ပြန်ကြားရေး ဖေ့စ်ဘုတ်ပေ့ချ်မှာတော့ ကိုနေမျိုးအောင်ဟာမုံရွေးကြေးမုံရွာနေ အရပ်သားတစ်ယောက်သာဖြစ်တယ်လို့ ဆိုထားပါတယ်။

မုံရွေးကြေးမုံရွာဟာ မုံရွာမြို့ နဲ့ ၈မိုင်လောက်အကွာက ရွာပေါင်း၄ရွာစုပေါင်းကာ အိမ်ခြေ ၃၀၀၀ ကျော်ရှိတဲ့ ရွာကြီးဖြစ်ပြီးပြီး တောပုပျူစောထီးရွာနဲ့လည်း ၁မိုင်လောက်သာ အကွာအဝေးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုပျူစောထီးရွာနဲ့အနီးဆုံးမှာရှိတဲ့အတွက် စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေစစ်ရေးလှုပ်ရှားတိုင်း ဒေသခံတွေ ဘေးလွှတ်ရာကို မကြာခဏထွက်ပြေးရလေ့ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲအခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂလူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar က အောက်တိုဘာ၁၂ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button