သတင်း

ဆယ်ဇင်းတာမခံမှာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကျည်ထိမှန်သေဆုံး

ဖားကန့် ဆယ်ဇင်း တာမခံကျေးရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ယောက် လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားတယ်လို့ တာမခံဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၁၈ ရက် ဒီကနေ့ ညနေပိုင်း ၅ နာရီလောက်အချိန်မှာ တာမခံ ခမရ ၁၁၉ တပ်ရင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေရှိတဲ့ဘက်ကို ဦးတည်ပြီးတော့ လက်နက်ကြီး ၃ ကြိမ်ပစ်ခတ်လိုက်တာကြောင့် နတ်ရေကန်ရပ်ကွက်မှာ လက်နက်ကြီးကျမှန်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ ထိမှန်ခဲ့တာဖြစ်တယ်လို့ တာမခံ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

“ကလေးက ဒဏ်ရာတော်တော်ပြင်းတယ် စစ်တပ်ကုန်းက ဘာလို့ပစ်တာလဲတော့ မသိဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ သူတို့ KIA တွေရှိတဲ့ ဘက်ကိုပစ်တာထင်တယ်။ လက်နက်ကြီးကတစ်လုံးက နတ်ရေကန် ရပ်ကွက်မှာကျပြီးတော့ ကလေးတစ်ယောက်မှာထိသွားတယ်။ ကလေးကဖားကန့်ဆေးရုံပို့တဲ့ချိန် လမ်းမှာဆုံးသွားတာ“ လို့ပြောပြပါတယ်။

လက်နက်ကျည်ထိမှန်သေဆုံးတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကို ဝမ်းဗိုက်နားမှာ ကျည်ထိမှန်ဒဏ်ရာနဲ့သေဆုံးတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ ဆယ်ဇင်း တာမခံ KIA နဲ့ PDF တပ်ဖွဲ့တွေရှိနိုင်တဲ့ နေရာဘက်ကို ဦးတည်ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် အခုလို ကလေးငယ်တစ်ယောက် အသက်ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ တာမခံ စစ်ကောင်စီ စစ်တပ်ကုန်းဟာ ဖားကန့် ကတိုင်းတောင် အကျော် တာမခံကျေးရွာရဲ့ ရွာထိပ်ကုန်းမှာ တပ်ချထားတာဖြစ်ပြီး ဗိုလ်မှူးကြီး သက်ပိုင်ထူး ဦးဆောင်နေတဲ့ စစ်တပ်အဖွဲ့ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ ညမှာလည်း လိုင်ဇာ မုန်လိုင်ခက်နေရာမှာ လေယာဉ် ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ၁၁ ယောက်လောက်အထိ အသက်သေဆုံးမှုရှိခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button