သတင်း

အနန့်ပါ ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်တပ်က ဖားကန့်တိုက်ပွဲအထိနာလို့ တန်ပြန်တိုက်ခိုက်တာလို့ KIO ပြော

KIA တပ်မဟာ ၉ ဌာနချူပ်နဲ့ အနန့်ပါနေရာကို စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖားကန့်လမ်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တာကြောင့် အခုလို တန်ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ KIO ဘက်ကပြောပါတယ်။

ရက်ပိုင်းမှာပဲ ဖားကန့်ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းတွေက နန့်ယားဘက်ကနေ ကားမိုင်းဘက်ကို ပြန်ဆင်းလာတာ မအူပင်နားမှာ တိုက်ခိုက်ခံရတာရှိတယ်။ အဲဒီ တိုက်ခိုက်ခံရတဲ့စစ်ကြောင်းထဲမှာ စစ်ကြောင်းအရာရှိတစ်ယောက်ထိသွားတယ်။ အဲဒါကြောင့် မကျေနပ်လို့ တပ်မဟာ ၉ နဲ့ အနန့်ပါကို ပြန်တိုက်တာ လို့ပဲမြင်ပါတယ်KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက KNG ကိုပြောပါတယ်။

ဗိုလ်မှူးကြီး ဦးနော်ဘူပြောဆိုတဲ့ထဲမှာ KIA တပ်မဟာ ၉ နေရာနဲ့ အနန့်ပါ ၂ နေရာ တိုက်ခိုက်ခံရမှုဟာ စစ်ကောင်စီရဲ့ ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ KIA ဘက်က ၂ ယောက် သေဆုံးပြီး တစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ နန့်ယားစစ်တပ်ကုန်းမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းအဖွဲ့ဟာ ကားမိုင်းဘက်ကို ဦးတည်ပြီးတော့ ထွက်ခွာလာတဲ့အချိန် ကားမိုင်းမရောက်မှီ မအူပင်မှာ KIA တပ်ရင်း ၄၄ အဖွဲ့က မိုင်း ၃ ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တာဖြစ်ပါတယ်။

အဲဒီ စစ်ကြောင်းတိုက်ခိုက်ခံရမှုထဲမှာ စစ်ကောင်စီဘက်က အရာရှိတစ်ယောက် ထိမှန်သွားတဲ့အတွက် အခုလို လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်လာတာဖြစ်တယ်လို့ဗိုလ်မှူးကြီး ဦးနော်ဘူက ပြောဆိုတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်းတိုက်ခိုက်ခံရတဲ့ ၂ ရက်အတွင်း အောက်တိုဘာလ ၁၆ ရက်နေ့မှာ KIA တပ်မဟာ ၉ ဌာနချုပ်နဲ့ အနန့်ပါ ကို တစ်ပြိုင်နက် လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အနန့်ပါနဲ့ အနီးမှာရှိတဲ့ ကံဆီး(Ginsi) စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

KIA တပ်မဟာ ၉ ဌာနချုပ် တိုက်ခိုက်ခံရမှုမှာ အထက်တန်း အရာရှိတစ်ယောက်သေဆုံးခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပြီး အနန့်ပါ တိုက်ခိုက်ခံရမှုမှာတော့ အရာရှိ ၂ ယောက် သေဆုံးသွားတယ်လို့ KIA တပ်မဟာ ၉ ရှေ့တန်းသတင်းအရင်းတစ်ယောက်က ပြောပါတယ်။

အနန့်ပါနေရာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၆၀ ကျော်သေဆုံးခဲ့တဲ့သူတွေကို မြေမြှုပ်သဂြိုလ်ထားတဲ့နေရာကို ရှင်းလင်းဆောင်ရွက်ဖို့ရန်အတွက် လုပ်ဆောင်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်က လာရောက်ဗုံးကျဲတာလည်းဖြစ်တယ်။

ဒါ့အပြင် အနန့်ပါ ဗုံးကျဲတိုက်ခိုက်ခံရတဲ့ထဲမှာ ဂေါက်ကွင်းနေရာနဲ့ စျေးတန်း ၂ နေရာမှာ လက်နက်ကြီး ကျမှန်ပေါက်ကွဲခဲ့အတွက် ဆိုင်ခန်းတစ်ချို့ထိမှန်ပျက်စီးမှုရှိခဲ့ အိမ်မွေးတိရိစ္ဆာန်တစ်ချို့သေဆုံးမှုလည်းရှိခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကို အောက်တိုဘာလ ၉ ရက် လိုင်ဇာမုန်လိုင်ခက်မှာ တစ်ကြိမ်၊ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်ရှိလာပြီး တိုက်ခိုက်ခံရမှုတိုင်း အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးမှုရှိခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button