သတင်း

ဗန်းမော်မှာ KIO အရာရှိဟောင်း တစ်ဦး အပါအဝင် မိသားစုဝင် ၃ ဦးဖမ်းဆီးခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့ညောင်ပင်ရပ် ရပ်ကွက်မှာနေထိုင်တဲ့ KIO အရာရှိဟောင်းတစ်ဦး နဲ့ မိသားစုဝင် ၃ ဦးအား စစ်ကောင်စီတပ်တွေက အောက်တိုဘာလ ၁၇ ရက်ညနေပိုင်းမှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲဌာနချုပ် စကခ၂၁ နဲ့ ရဲတပ်ဖွဲ့ဝင်တွေပေါင်းပြီးတော့ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေမှာ KIO အရာရှိမိသားစုဝင် သုံးဦးဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် အိမ်ထဲမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို ယူသွားပြီး အောက်တိုဘာလ ၁၈ ရက် ညမှာတော့ အိမ်ကိုပါထပ်ပြီးဗုံးခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက KNG ကိုခုလိုပြောပါတယ်။

ဖမ်းရင်ဖမ်းလေ ခုက အိမ်က အဖိုးတန်ပစ္စည်းတွေကိုပါယူသွားပြီး အိမ်ကိုပါဗုံးခွဲခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ KIO အရာရှိဟောင်း ဦးဒါရှီလဒွဲအပြင် သားဖြစ်သူနဲ့အမျိုးသမီးအပြင် အိမ်မှာလာနေနေတဲ့ ဧည့်သည် မိန်းကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦးကို ဖမ်းဆီးသွားပြီး လက်ရှိ စကခ၂၁ မှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မိသားစုတွေအဖမ်းခံရတာတော့သေချာတယ်။ သူ့မိန်းမ သူ့ကလေးနဲ့ အိမ်မှာ လာတည်းနေတဲ့ ဧည့်သည့် ကလေးတစ်ယောက်လည်း အတူအဖမ်းခံလိုက်ရတယ်။ ခုထိ အိမ်နားတောင်သွားလို့မရဘူး လုံခြုံရေးတွေချထားပြီးစောင့်ကြည့် နေကြလို့လို့ ဗန်းမော်ဒေသခံတစ်ယောက်က ခုလိုပြောပြပါတယ်။

ဗန်းမော်မှာ စစ်ကောင်စီတပ်တွေဟာ နမ်ဆန်ယန်ထိုးစစ်ဆင်လာတဲ့ ဇူလိုင်လကစပြီး မြို့အဝင်အထွက်တွေကို အင်အားတိုးချဲ့ပြီး လုံခြုံရေးသိသိသာသာတင်းကြပ်ထားတဲ့အပြင် မြို့တွင်းမှာလည်း KIA,PDF ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ သံသယရှိသူတွေကို လိုက်လံစုံစမ်းစစ်ဆေးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်လက်အောက်ခံတွေဖြစ်တဲ့ အစိုးရစုပေါင်းရုံတွေအပြင် ထွေအုပ်ရုံးတွေလည်း မကြာခနတိုက်ခိုက်ခံရတာရှိသလို ပြီးခဲ့တဲ့ အပတ်ကလည်း ဗန်းမော်အထွက် ၅မိုင်ဂိတ်စခန်းလည်း ဒရုန်းနဲ့ဗုံးကြဲခံရတာတွေရှိနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီရက်ပိုင်းမှာ မသင်္ကာတဲ့သူတွေကို ရပ်ကွက်အလိုက်နာမည်စာရင်းကောက်ယူတာတွေလည်း လုပ်နေတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့နယ်ဟာ အစိုးရရုံးတွေရဲ့ခရိုင်စိုက်တဲ့မြို့ဖြစ်တဲ့အပြင် ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ မြို့နယ်ဖြစ်တာကြောင့် စစ်တပ်အတွက် ရေကြောင်းကနေရိက္ခာသယ်ယူလမ်းရာမှာအချက်ချာကျတဲ့မြို့နယ်ဖြစ်ပြီး မန်းလေးကနေ စစ်သင်္ဘောတွေဆိုက်ကပ်တိုင်း အရပ်သားတွေကို ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေလည်း ရှိနေတာဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button