တိုက်ပွဲသတင်း

ရှမ်းမြောက် မုံးပေါ် ဝိန်းလားတောင်တပ်စခန်းကို KIA သွားရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ရှမ်းမြောက် မုံးပေါ် အနီး ဝိန်းလားတောင်(Wingla Bum)က စစ်ကောင်စီတပ်စခန်းကို KIA သွားရောက် ပစ်ခတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၉ ယနေ့နံနက် ၆ နာရီကစပြီး ဝိန်းလားတောင်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ တပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ မနက် ၁၀ နာရီလောက်ကစပြီးဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်က လေယာဉ် ၂ စီးနဲ့ လာရောက်ပစ်ကူခဲ့တာတွေရှိသလို လက်ရှိချိန်ထိ ဝိန်းလားတောင်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက အခုလို ပြောပါတယ်။

အခုအဖြေကောင်းကောင်းမရသေးဘူး။ စခန်းသိမ်းအနေနဲ့သွားတိုက်ခိုက်တာတော့ဟုတ်တယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့အတောအတွင်း စစ်တပ်က လေယာဉ်နဲ့ လာတော့ အခုသေချာမသိဘူး။ အခုထိလည်း လေယာဉ်နဲ့ သွားလိုက် ပြန်လိုက် ခေါက်နေတုန်း ၊ပစ်နေတုန်းဟု ပြောပါတယ်။

စစ်တပ်က Helicopter ၁ စီး ဂျက်လေယာဉ် ၁ နဲ့ အလှည့်စီ အသွားအပြန်လာရောက် ဗုံးကျဲတိုက်ခိုက်နေတာဖြစ်ပြီး မုံးပေါ်ကနေလည်း လက်နက်ကြီးနဲ့ ဝိန်းလားတောင်ဘက်သို့ လှမ်းပစ်ကူနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု များပြားတာကြောင့် လေယာဉ်နဲ့ စစ်ရိက္ခာအင်အား လာရောက်ပို့ဆောင်ပေးရင်း တိုက်ခိုက်ကူနေတာဖြစ်တယ်လို့ ဒေသတချို့ပြောဆိုချက်အရ သိရပါတယ်။

မုံးပေါ်ကနေ ၈ မိုင်လောက်အကွာအဝေးမှာရှိတဲ့ ဝိန်းလားတောင်က စစ်တပ်စခန်းက ၁၀ နှစ်ကျော်ကြာပြီဖြစ်တဲ့ စခန်းကြီးတစ်ခုဖြစ်သလို မုံးပေါ်နဲ့ မုံးယား ကြား စစ်တပ်၏အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ မုံးပေါ်ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။

စစ်တပ်က နည်းနည်းမြင့်တဲ့ တောင်တွေကို နေရာယူထားတာပေါ့။ အခုအဲ့ဒီဝိန်းလားတောင်ကလည်း ဒီမုံးပေါ်ဒေသက နည်းနည်းအမြင့်နေရာမှာဆိုတော့ လက်နက်ကြီးအထိုင်ချတဲ့စခန်းဖြစ်တယ်။ သူတို့ လက်နက်ကြီးပစ်လို့အဆင်ပြေတဲ့ တောင်ကုန်းတွေမှာ အထိုင်ချထားတာပေါ့။ ပြီးတော့ စျေးသွား စျေးလာ လမ်းလည်း အချက်အချာကျတဲ့ နေရာလည်း ဖြစ်တယ်။ မုံးပေါ်နဲ့ မုံးယားကြားမှာ အထိုင်ချတဲ့ စခန်းဖြစ်တယ်ဟု မုံးပေါ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မုံးပေါ်ဒေသမှာ  စစ်တပ်နဲ့ KIA တို့အကြား စစ်ရေးတင်းမာနေတာ ၃ ရက်ခန့်ကြာနေပြီဖြစ်ပြီး ဒီကနေ့ နံနက်ကနေတော့ တိုက်ပွဲစတင်ပြင်းထန်နေတာဖြစ်ကြောင်း သိရပါတယ်။

ရှမ်းမြောက် ကွတ်ခိုင်နမ့်ဖတ်ကာမူဆယ် စတဲ့လမ်းပိုင်းတစ်လျှောက် စစ်တပ်ဘက်က ပုံမှန် အင်အားဖြည့်တင်းပြီး လှုပ်ရှားသွားလာနေတာကြောင့် တိုက်ပွဲမကြာမခ ဖြစ်ပွားနေသလို ဒေသခံပြည်သူများလည်း လွတ်လပ်စွာလုပ်ကိုင်စားသောက်လို့မရနေတာ ၃ လခန့် ကြာလာပြီဖြစ်ပါတယ်။

By – လုဒင့်

Show More

Related Articles

Back to top button