တိုက်ပွဲသတင်း

ရွှေကူ စစ်ကောင်စီတပ် ဆက်သွယ်ရေးကုန်းအထိုင်စခန်း အလစ်ငိုက်တိုက်ခိုက်ခံရလို့ အထိနာခဲ့

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ နယ်မြေ၊ ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာ ခမရ ၆၀၂ အထိုင်တပ်စခန်းကို KIA  PDF တပ်ဖွဲ့တွေ အောက်တိုဘာလ ၁၈ ရက် မနက်ပိုင်းက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က အထိနာခဲ့သလို လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းယူနိုင်ခဲ့တဲ့အပြင် တပ်စခန်းတွေကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရွှေကူကာကွယ်ရေးတပ်တွေက ပြောပါတယ်။

အဲဒီဆက်သွယ်ရေးအထိုင်ဂိတ်စခန်းဟာ ရွှေကူမြို့ ငဘတ်ကြီးကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းအရှေ့ဘက်မှာ တည်ရှိပြီး ရွှေကူအခြေစိုက် ခမရ ၆၀၂ နဲ့ ခလရ ၅၆ တပ်က အင်အား ၆၀ လောက်အလှည့်ကျနေထိုင်တဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အာဏာမသိမ်းခင်ကတည်းက ဆယ်စုနှစ်တစ်စုကြာ အထိုင်ချတပ်စွဲထားတဲ့ အဲဒီစခန်းဟာ စစ်တပ်အတွက် အဓိက ကြေးနန်းနဲ့ဆက်သွယ်ရေးကုန်းဖြစ်ပြီး ဘန်ကာတွေနဲ့ အခိုင်မာတပ်စွဲနေထိုင်ထားတဲ့စခန်းဖြစ်တဲ့အပြင် တပ်စခန်းထဲမှာ ကားတစ်စီးစာဝင်လို့ရတဲ့ ဥမင်လှိုင်ခေါင်းပုံစံနဲ့ လက်နက်ဂိုဒေါင်သိုလှောင်ရုံတွေရှိတဲ့နေရာဖြစ်တယ်လို့ တပ်စခန်းထဲ ဝင်ရောက်တိုက်ခိုက်ရာမှာပါဝင်တဲ့ LPDF တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

ဖုန်းလိုင်းတွေစရကတည်းက ထိုင်ထားတာ ဆက်သွယ်ရေးကုန်းအထိုင်လေ ငါးဘတ်ကြီးစခန်းလို့လည်း ခေါ်တယ်။ အမြဲတမ်းအင်အားက ၆၀ အထက်ရှိတယ် ရွှေကူနယ်ထဲမှာဆိုရင်တော့ လုံးဝအထိုင်ဂိတ်စခန်းပေါ့။ ရွှေကူမြို့ထဲရှိတဲ့စခန်းတွေတောင်မှ ဒီလောက်ပြည့်စုံမှာမဟုတ်ဘူး ဒီစခန်းဘန်ကာတွေအမှန်အကန်ဆောက် ထားတာလို့ ပြောပါတယ်။

အဲဒီတပ်စခန်းကို KIA  PDF ဘက်က အလစ်ငိုက်ဝင်ရောက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က အထိနာပြီး ရွှေကူရဲစခန်းနဲ့ ရွှေကူတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့တယ်လို့သိရပါတယ်။

အဲဒီ ရွှေကူရဲစခန်းကို မြို့လှ KPDF ဘက်က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ကူခဲ့တဲ့အတွက် စစ်တပ်ဘက်က အထိနာပြီး မနေ့က ညနေပိုင်းမှာပဲ ရွှေကူ ၅၆ တပ်ရင်းကနေ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောက်စီတပ်က အင်အားအလုံးအရင်းနဲ့ ကျေးရွာထဲ ဝင်ရောက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း ငဘတ်ကြီးရွာဒေသခံတစ်ဦးက ပြောပါတယ်။

စစ်သားတွေကအခုရှိရွာထဲမှာရှိနေတုန်းတချို့က လူနေအိမ်တွေထဲမှာတစ်ချို့က မနေ့ကသိမ်းလိုက်တဲ့ ကပ်လျက်က တောင်ကုန်းပေါ်မှာရှိနေတာ ရွာသားတွေဘယ်ပြန်လို့ရသေးမလဲသူတို့ရှိနေတာ”လို့ သူကပြောပါတယ်။

ငဘတ်ကြီးကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိတာဖြစ်ပြီး လက်ရှိစစ်ကောင်စီတပ်တွေ ရှိနေတာကြောင့် ငဘတ်ကြီးဒေသခံ ၂၀၀၀ ကျော်ဟာ ရွှေကူမြို့ပေါ်နှင့် စစ်ကြောင်းနဲ့လွတ်တဲ့ နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဒါ့အပြင် မနေ့က ငဘတ်ကြီးကျေးရွာ စစ်တပ်စခန်းကုန်းကို KIAKPDF က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ချိန်မှာ ရွှေကူမြို့တပ်နဲ့ ရဲစခန်းကနေ ငဘတ်ကြီးကျေးရွာထဲ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်သုံးလုံး ထိခိုက်ပျက်စီးသွားပြီး အရပ်သားတစ်ဦးလက်နက်ကြီးထိမှန်သေဆုံးကာ ၅ဦးအထိ ဒဏ်ရာရသွားတယ်လို့ ငဘတ်ကြီးကျေးရွာအနီး နေထိုင်တဲ့ အခြား ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“ပြေးတာအကုန်ပြေးကြတယ်။ ဒါပေမယ့် လူပေါင်း ၃၀ လောက်ဟာ ပိတ်မိသလိုဖြစ်သွားတာ။ အဲ့မှာတစ်ယောက်က ပြေးမလို့အိမ်ထဲ ပစ္စည်းဝင်ယူတဲ့ခါ လက်နက်ကြီးကျပြီးမှအဲ့မှာပဲ သေဆုံးသွားတာ။ ကျန်တဲ့လူတွေက ငပေါက်ဝဘက် ပြေးနေတဲ့ချိန် လက်နက်ကြီးကျပြီး ၅ ယောက်က ထိခိုက်ဒဏ်ရာရသွားတယ်”လို့ ပြောပါတယ်။

လက်နက်ကြီးထိမှန် သေဆုံးသွားတဲ့အမျိုးသားဟာ ငဘတ်ကြီးကျေးရွာနေ ဦးအိုက်ပီး ၊ အသက် ၄၀ ရှိသူဖြစ်ပြီး အလောင်းကိုမနေ့က ဒေသခံတွေချက်ချင်းသယ်ယူပြီးသဂြိုလ်လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒဏ်ရာရရှိသွားတဲ့ ဒေသခံ  ဦးဟာ ကိုထူးထူးဝင်း၊ ကိုညီညီ၊ ကိုကျော်ကျော်နဲ့ အခြားအမျိုးသားတစ်ဦး (အမည်စုံစမ်းဆဲ)နှင့် အမျိုးသမီးတစ်ဦး (အမည်စုံစမ်းဆဲ)တို့ဖြစ်ပြီး လက်ရှိဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

ဖမ်းမိတာက ရွှေကူလေးလမ်းဆုံမှာဖမ်းမိတာ တိုက်ပွဲ ဖြစ်နေတဲ့ချိန်မှာပဲ မနက် ၇နာရီမှာဖမ်းမိတာသူတို့က လိုက်ထရပ်ကားတစ်စီးနဲ့ခြင်းကြား အလုံး ၃၀ နဲ့လက်နက်ကြီးကျည်တွေအများကြီးတင်လာတာ။ အဲ့တာကိုဒီဘက်က ဖမ်းမိလိုက်တာပေါ့ကားကော ၊လူကောဖမ်းမိတယ်ပစ္စည်းတွေကောပေါ့”လို့ ရွှေကူ LPDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ထောက်ပို့ကား ဖမ်းမိချိန်မှာ အရပ်ဝတ်နဲ့ ကားသမားတစ်ဦးနဲ့ ကားစပယ်ယာတစ်ဦးကိုလည်း KIA KPDF ဘက်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကျေးရွာတွေကို စစ်အာဏာသိမ်းနောက်ပိုင်း ၂၀၂၂ နှစ်ကတည်းက အင်အားသုံးပြီး ပုံမှန်စစ်ကြောင်းဝင်ရောက်တာ၊ လူနေအိမ်မီးရှို့တာတွေပြုလုပ်ခဲ့ပြီး အခုနှစ်ပိုင်းမှာတော့ KIAPDF ဘက်က တန်ပြန်ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

ရွှေကူမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးရှိတဲ့မြို့နယ်ဖြစ်ပြီး မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်ဘက်ကို စစ်တပ်ရဲ့ လက်နက်ရိက္ခာတင်လာတဲ့ သင်္ဘောတွေကို အဓိကဖြတ်တောက်နေတဲ့နေရာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က လက်နက်ကြီး ယမ်းသမ်းပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးမှုများပြီး ဒီကနေ့ထိ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ကျေးရွာတွေလည်း အများအပြားရှိနေဆဲ ဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button