သတင်း

TNLA မိုင်းဆွဲတိုက်ခိုက်မှု‌ကြောင့် သေဆုံးသွားတဲ့ KIO/KIA တပ်ဖွဲ့ဝင် နှစ်ဦးအမှုကို ဆွေးနွေးဖို့အဖြေရှာဖို့ သဘောတူထားတယ်လို့ဆို

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီး( Mong Wee) အနီးမှာ TNLA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့ သေဆုံးသွားတဲ့ KIO/KIA တပ်ဖွဲ့ဝင် နှစ်ဦး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး KIA နဲ့ TNLA ကြား နှစ်ဖက်ဆွေးနွေးဖြေရှင်းဖို့ သဘောတူထားတယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အထက်လူကြီးတွေအချင်းချင်း တင်းမာတဲ့အခြေအနေမျိုးနဲ့မဟုတ်ပဲ နှစ်ဦးနှစ်ဖက် ပြေလည်ရာပြေလည်ကြောင်းနဲ့ အတူညှိနှိုင်းကြမယ်လို့ ဆုံးဖြတ်ဆွေးနွေးထားပါပြီ။ TNLA ဘက်ကလည်း သူတို့ရှေ့တန်းကသူတွေ ဘယ်လိုဖြစ်တာလဲ ဆိုတာကို သူတို့ဘက်က စုံစမ်းဖို့ လိုသေးတာတွေ၊ KIO နဲ့ လူကြီးတွေ ဆွေးနွေးဖြေရှင်းဖို့ ဆိုပြီး ညှိနှိုင်းထားပါပြီ။ လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး KNG က ဗိုလ်မှူးကြီး တားအိုက်ကျော်ကို ၃ ရက်တိုင်တိုင် အကြိမ်ကြိမ်ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဗိုလ်မှူးကြီး မအားသေးတဲ့အကြောင်း ပြန်ကြားရေးအဖွဲ့က တစ်ဆင့်ခံ ဖြေကြားခဲ့ပါတယ်။

 ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ KIA တပ်မဟာ ၄ ၊ တပ်ရင်း ၈ က တပ်ကြပ်အရာရှိတစ်ဦး နဲ့ မိုင်းဝီး (Mong Wee) တိုက်နယ်ထဲက KIO တိုက်နယ်အုပ်ချူပ်ရေးမှူးတို့ ၂ ဦးဟာ မိုင်းဝီးသွားလမ်းမှာ TNLA ဘက်က မိုင်းခွဲတိုက်ခိုက်လို့ သေဆုံးခဲ့ပါတယ်။

 အသက်သေဆုံးခဲ့ရသူတွေဟာ မိုင်းဝီးဒေသ KIO တိုက်နယ်အုပ်ချူပ်ရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ လဆန်ဇော်မွန်းအောင် နဲ့ တပ်ရင်း ၈ အောက်က တပ်ကြပ်ကြီး အင်ခွမ်အောင်မြတ် တို့ နှစ်ဦး ဖြစ်ပါတယ်။

KIA တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေ မိုင်းဝီးဒေသဟာ နမ့်ခမ်းမြို့ကနေ နမ္မတူမြို့သို့သွားလမ်း မိုင် ၄၀ ခန့်အကွာမှာရှိပြီး နမ့်ဖတ်ကာရဲ့ အနောက်တောင်ပိုင်းမှာ တည်ရှိပါတယ်။

လက်ရှိမှာတော့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖွဲ့စလုံးမှာ ရှမ်းမြောက် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button