သတင်း

ဗန်းမောက်မှာ စစ်ကောင်စီရဲ့အထိုင်တပ်စခန်းတစ်ခုတိုက်ပွဲမဖြစ်ဘဲ စခန်းစွန့်ခွာ

စစ်ကိုင်းဒေသကြီးဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်သားတွေက အထိုင်တပ်စခန်းတစ်ခုကို တိုက်ပွဲမဖြစ်ပဲ စွန့်ခွာသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဗန်းမောက်မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ မြို့နဲ့ တစ်မိုင်ကျော်အကွာက စက်တောရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ တပ် နဲ့ ပျူစောထီးတွေပူးပေါင်းတပ်ထိုင်တဲ့ ဒေသအခေါ် (စက်တောစစ်တပ်ကုန်း)ကစစ်သားတွေဟာတိုက်ပွဲ မဖြစ်ပွားပဲ ဒီကနေ့ ဒီဇင်ဘာလ ပထမအပတ်မှာ စခန်းကိုစွန့်ခွာသွားတယ်လို့ ဗန်းမောက်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ဟုတ်တယ် ဆုတ်သွားကြတယ် စခန်းမှာတစ်ယောက်မှမကျန်တော့ဘူး အဲ့စခန်းကအင်အားသိပ်မရှိဘူးအဲ့ကြောင့်ဗန်းမောက်မြို့ပေါ်က တပ်နဲ့သွားပေါင်းနေတယ် အခုစက်တောမှာတော့ တပ်မထိုင်တော့ဘူးစခန်းကိုလည်းသူတို့ရှင်းသွားတယ်၊ပစ္စည်းဘာညာအကုန်သယ်ထုတ်သွားတယ်လို့ အထက်ပါအမျိုးသားကပြောပါတယ်။

အဲ့ဒီစက်တောစစ်တပ်ကုန်းမှာ တပ်မ ၇၇ နှင့် ပျူစောထီးတွေစုစုပေါင်းအင်အား ၅၀ ဝန်းကျင်သာရှိပြီး စစ်သားတွေက စခန်းကို စွန့်ခွာသွားဖို့ နိုဝင်ဘာလကတည်းက ပြင်ဆင်နေပြီး ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ အပြီးတိုင် ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်း ဗန်းမောက်မြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲ့အထိုင်တပ်အဖြစ် ကြောင်လည်ရွာစစ်တပ်ကုန်း၊ စက်တောကျေးရွာစစ်တပ်ကုန်းနှင့်ဗန်းမောက်မြို့တွင်းတပ် ၃ခုသာကျန်ရှိတော့တာဖြစ်ပြီး လက်ရှိမှာတော့ စက်တောရွာစစ်တပ်ကုန်းပြန်ဆုတ်သွားတဲ့အတွက်ဗန်းမောက်မြို့တွင်းတပ်နဲ့ ကြောင်လည်ရွာစစ်တပ်ကုန်း ၂ခုသာကျန်ရှိတော့ကြောင်းသိရပါတယ်။

ဒီဗန်းမောက်နယ်မှာက ရှိတာဆိုလို့ မြို့တွင်းတပ်ရယ် စက်တောနဲ့ ကြောင်လည်းတပ်ရယ်ပဲရှိတာ အခုစက်တောကဘာမှလုပ်လိုက်ရပဲ ဆုတ်သွားတော့ ၂ခုပဲကျန်တော့မှာ တိုက်ပွဲ ဘာညာဖြစ်တာလေးမရှိဘူး ဒီတိုင်းပဲ ဆုတ်သွားတယ်လို့ နောက်ထပ် အမျိုးသားကဆက်ပြောပါတယ်။

ဗန်းမောက်နယ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ ဗန်းမောက်နဲ့အင်းတော်ကြားမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားတိုက်ပွဲ ဖြစ်ပွားတာရှိခဲ့ပေမယ့် စက်တောကျေးရွာဘက်မှာတော့တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိပဲ အခုလိုစွန့်ခွာသွားတာလို့သိရပါတယ်။

စခန်းစွန့်ခွာသွားတဲ့ အဲ့ဒီစစ်တပ်ကုန်းဟာ စစ်အာဏာမသိမ်းမှီကတည်းက ထိုင်ထားတဲ့ ဗန်းမောက်နယ်ထဲက အထိုင်တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button