သတင်း

ကချင်ပြည်နယ်က NLD ဝန်ကြီးနှစ်ဦး လွတ်ရက်စေ့ပြီးလွတ်မြောက်လာ

မြစ်ကြီးနားအကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝန်ကြီးနှစ်ဦး ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာပဲ လွတ်မြောက်လာတယ်လို့ NLD အဖွဲ့ဝင်တွေဆီကသိရပါတယ်။

လွတ်မြောက်လာသူတွေကတော့ စည်ပင်သာယာဝန်ကြီး ဦးနော်လီနဲ့ လမ်းပန်းဆက်သွယ်ရေး၊ စက်မှုနဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းညွှန့်ဆိုသူတို့ဖြစ်တယ်လို့ NLD ပါတီပြည်နယ်အလုပ်အမှုဆောင်တစ်ဦးက KNG ကိုပြောပါ တယ်။

မိသားစုတွေကိုဆက်သွယ်ကြည့်တော့ အတည်ပြုလို့ရပါတယ်။ တိုက်ရိုက်ဆက်သွယ်လို့တော့မရပါဘူး တစ်ဆင့်ခံအဆက်အသွယ်ရတာပါ ဒီနေ့ပဲလွတ်တယ်လို့သိရတယ်ခင်ဗျ။အဓိကတော့ စစ်အာဏာသိမ်းတဲ့ နေ့မှာပဲ ရွေးကောက်ပွဲနဲ့စပ်လျဥ်းတဲ့အမှုတွေနဲ့စွဲတာပေါ့လေ ကျနော်တို့ လွတ်တော်ကိုယ်စားလှယ်တွေ ကိုလည်း အဲ့အမှုတွေနဲ့စွဲတာကို ပြီးတော့ ရုံးတင်မှပဲတခြားသော အဂတိမှုတွေ တိုးချတာပေါ့လေ အခုလည်းလွတ်ရက်စေ့တယ်လို့သိရတာပေါ့လို့ပြောပါတယ်။

လွတ်မြောက်လာတဲ့ ပြည်နယ်ဝန်ကြီးနှစ်ယောက်ဟာ စစ်ကောင်စီတပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေဖြစ်ပါတယ်။

သူတို့နှစ်ဦးကို အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၉၊ စစ်တပ်ကိုအကြည်ညိုပျက်စေမှုဆိုတဲ့ ပုဒ်မ ၅၀၅ ခ တို့နဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်ခံခဲ့ရပြီး လျှော့ရက် တွေနဲ့ ၃ နှစ်ကျော်အကြာမှာလွတ်မြောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့ထဲက ဝန်ကြီးတွေအပါအဝင် တစ်ခြားအမှုဆောင်တွေ ဆက်လက်ထိန်း သိမ်းခံထားရဆဲဖြစ်တယ်လို့ NLD ပါတီပြည်နယ်အလုပ်အမှုတစ်ယောက်ကဆက်ပြောပါတယ်။

နောက်ပိုင်းထိန်းသိမ်းခံရသူတွေကတော့ တဖွဲဖွဲပေါ့နော် ဖမ်းခံရသူတွေရှိသလိုလွတ်တာတွေလည်းရှိတယ် ထပ်လွတ်တာတွေလည်းရှိတယ်။ ဖမ်းသွားပြီးတော့ ပြန်လွတ်လာတာတွေလည်း ၁၄ ဦး ၁၅ ဦးလောက်ရှိတယ် ဒါ့ကြောင့် အထဲမှာတော့ ကိုယ့်လူတွေရှိနေတုန်းဆိုတာတော့ပြောနိုင်ပါတယ်လို့ပြောပါတယ်။

လွတ်မြောက်လာသူတွေအတွက်တော့ အဖွဲ့ဝင်တွေအနေနဲ့ဝမ်းသာရပေမဲ့ အပြစ်မရှိပဲ ဖမ်းဆီးခံခဲ့ရတာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ကိုတော့ ကျေးဇူးတင်စရာအကြောင်းမရှိဘူးလို့လည်း သူကဆက်ပြော ပါတယ်။

လက်ရှိမှာတော့ ၂၀၂၀ ရွေးကောက်ပွဲနဲ့စပ်လျဥ်းပြီး စစ်ကောင်စီတပ်က အာဏာသိမ်းကာ ထိန်းသိမ်းခဲ့သူတွေထဲက ကချင်ပြည်နယ် ဝန်းကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ဝန်းကြီးတွေဖြစ်တဲ့ ဦးနေဝင်း၊ ဦးဒါရှိလဆိုင်း၊ဦးဝေလင်း၊ ဦးဇော်လင်းတို့အပြင် ပါတီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါ်သက်ထားနှောင် မျိုးကျော်တို့ အကျဥ်းထောင်အသီးသီးမှာဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button