တိုက်ပွဲသတင်း

မံစီမြို့နယ် ဟန်ထက် (Han Htet) ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေဆဲ

ဗန်းမော်ခရိုင် မံစီမြို့နယ် ဗန်းမော်မန္တလေးသွားလမ်းမပေါ် လမ်းလေးဆုံမှာရှိတဲ့ ဟန်ထက်(Han Htet)ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကနေ လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဟန်ထက်စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၃ ရက်နေ့ ညနေပိုင်း ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပြီး ဒီကနေ့ ဧပြီလ ၄ ရက်နေ့ ၁ နာရီဝန်းကျင်အထိ စခန်းသိမ်းပိုက်နိုင်ခြင်းမရှိသေးသလို နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့မံစီဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

တပ်စခန်းကိုတော့ မသိမ်းနိုင်သေးဘူး။ အခုချိန်ထိ အပြန်အလှန်ပစ်ခတ်ကြနေတုန်း။ ဒီကနေ လက်နက်ကြီးတွေလည်း အဆက်မပြတ်ကြားနေရသေးတယ်။ ပြီးရင် လေယာဉ်နဲ့လည်း ဟန်ထက်ပတ်ပတ်လည်မှာ လာပစ်နေတာ ၃ ကြိမ်လောက်ရှိသွားပြီလို့ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်နေ ဟန်ထက်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်ကနေ နေ့လည် ၁ နာရီဝန်းကျင်အထိ လေယာဉ်နဲ့ ၃ ကြိမ်အထက် လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး မံစီမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဟန်ထက်ကျေးရွာအနီး အောက်ချောင်းလမ်းပေါ်မှာ စစ်အင်အား ၁၀ ကျော်ဝန်းကျင်လောက်နဲ့ တပ်ချထားတဲ့ တပ်စခန်းငယ်တစ်ခုဖြစ်ပြီး လမ်းလေးဆုံနေရာဖြစ်တာကြောင့် အဓိက လမ်းနေရာတွေကို လုံခြုံရေးတပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။

ဟန်ထက်ရွာဟာ ဗန်းမော်၊ မန္တလေး၊ မဘိမ်း၊ မိုင်းခေါင်၊ မံသာ စတဲ့ နေရာဒေသတွေကို သွားလို့ရတဲ့ လမ်းလေးဆုံနေရာဖြစ်ပြီး မံစီမြို့နဲ့ ၄ မိုင်အကွာလောက်မှာတည်ရှိနေတဲ့ ရွာငယ်တစ်ခုလည်းဖြစ်ပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားလာအခြေနေမှာ ပြီးခဲ့တဲ့ လအတွင်းမှာပဲ KIA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုင်းခေါင် (Mung Hkawng) နဲ့ မဂျီဂုံ (Maji Gung) စစ်တပ်စခန်းတွေဘက်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်လောက်က ဟန်ထက်ရွာဘုန်းကြီးကျောင်းနေရာတွေမှာ တပ်စွဲထားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA ဘက်ကနေ ရွာဘုန်းကြီးကျောင်းနဲ့ ပြည်သူပိုင်နေရာတွေမှာ တပ်စွဲတာတွေမလုပ်ဖို့ ရက်ပိုင်းအတွင်း ပြောဆိုထားတာတွေရှိပေမယ့် စစ်ကောင်စီတပ်သားတွေက ဆက်ရှိနေသေးတာကြောင့် အခုလို တိုက်ပွဲဖြစ်ပွားလာတဲ့ ခြေအနေဖြစ်တယ်လို့ မံစီဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။

စစ်သားတွေက ဟန်ထက်ဘုန်းကြီးကျောင်းတွေမှာရှိနေတာ တစ်လလောက်ရှိလာပြီ။ အဲဒါကြောင့် ပြည်သူတွေရှိတဲ့ နေရာမှာ မနေပေးဖို့ KIA ဘက်က ပြောထားတာ ၃ ရက်လောက်ရှိပြီလို့သိရတယ်။ စစ်သားတွေသာ ထွက်သွားမယ်ဆိုရင် ဘာမှမလုပ်ဘူး ထွက်သွားခိုင်းတယ်လို့ပြောတယ်။ ဒါပေမယ့် မထွက်သွားတော့ မနေ့ကနေ တိုက်ပွဲဖြစ်လာတာဟုတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိမှာ KIA ပူးပေါင်းတပ်တွေက ဟန်ထက် စစ်ကောင်စီတပ်စခန်းနဲ့ ရွာဘုန်းကြီးကျောင်းနေရာတွေမှာ တပ်စွဲနေထိုင်နေတာကြောင့် အခုလို ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခုလို ဟန်ထက်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားလာတာကြောင့် ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေရပြီး ဟန်ထက်ရွာနဲ့ အနီးဆုံးဖြစ်တဲ့ မံစီဒေသခံပြည်သူတွေလည်း မြို့တွင်းအထိ ပစ်ခတ်မှုတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေက ဗန်းမော်ခရိုင် မိုးမောက်နဲ့ လွယ်ဂျယ် ကြားမှာရှိတဲ့ စိန်းလုံတပ်စခန်းအပါ ကျောက်စခန်းနဲ့ မိုင်ဆပ်ကောင့် တပ်စခန်းတွေကို သိမ်းပိုက်မှုအပြီး ဟန်ထက်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဗန်းမော်မန္တလေးလမ်းမပေါ် ဟန်ထက်ရွာမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မံစီမြို့ပေါ်မှာ ခရီးသည်ယာဉ်တွေ မနေ့ညနေပိုင်းကနေ သွားလာလို့မရဘဲ ဒီနေ့ ၁ နာရီဝန်းကျင်အထိ သွားလာလို့မရဘဲ ပိတ်ဆို့မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button