ကိုးကန့်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်မှာ ပန်ဆိုင်းဒေသခံတွင် ဘယ်လိုအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပါသလဲ။
ပန်ဆိုင်းဒေသခံ အမျိုးသမီးနှင့် ဆက်သွယ်မေးမြန်းချက်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သည့် မုံးကိုး၊ ကြူကုတ်၊ ပန်ဆိုင်းနှင့် အခြားမြို့နယ်များကို ကိုးကန့် MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။
ကြူကုတ်၊ ပန်ဆိုင်းဒေသကို ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်က စပြီး ကိုးကန့်တပ်တွေက စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပန်ဆိုင်းဒေသ အားလုံးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်ပါသည်။
ကိုးကန့်တပ်က သိမ်းပိုက်ရရှိခဲ့သည့် ပန်ဆိုင်းမြို့ကို နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ပြီး ၁ ပတ်ခန့်အကြာ တိုက်ပွဲကြောင့် တိမ်းရှောင်သွားကြသည့် ဒေသခံပြည်သူများသည် နိုဝင်ဘာ ၂၅ ရက်နေ့ နောက်ပိုင်း နေရပ်သို့ ပြန်လာဝင်ရောက် လာကြသည်။
ယင်းနောက် ပန်ဆိုင်းဒေသ၌ ကိုးကန့်တပ်ဖွဲ့၏ အုပ်ချုပ်မှုယန္တရား စတင်လည်ပတ်ခဲ့ပြီး ဒေသအတွင်း ပျက်စီး ဆုံးရှုံးသွားသည့်နေရာများကို ဒေသခံပြည်သူများအား လုပ်အားပေးခေါ်ဆို၍ တစ်အိမ်တစ်ယောက် မလုပ်မနေရ စနစ်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ခေါ်ယူစေခိုင်းနေသည်ဟု ပန်ဆိုင်းဒေသခံများက ပြောဆိုသည်။
လက်ရှိချိန်၌ ပန်ဆိုင်းဒေသသည် ကိုးကန့်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ဒေသခံပြည်သူများ ဘယ်လိုနေထိုင် ကြရပါလဲ။ လူမှုရေ၊ စီးပွားရေး၊ လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေရင်ဆိုင်ကြုံတွေ့နေကြရပါလဲ။ ဒီအခြေအနေများနဲ့ ပတ်သက်ပြီး ပန်ဆိုင်းဒေသခံအမျိုးသမီးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အခု ပန်ဆိုင်းဒေသက ကိုးကန့်တပ်ဖွဲ့ရဲ့ အုပ်ချုပ်မှုယန္တရားအောက်မှာ သွားနေကြပြီသိရပါတယ်။ ဘယ်လိုအခြေအနေရှိနေပါလဲ။ လက်ရှိအခြေအနေကို ပြောပြပေးပါလား။
ဖြေ။ ။ အခုက သူတို့အုပ်ချုပ်မှုအောက်မှာ နေပြီပေါ့လေ။ ပြန်လည်ထူထောင်ရေးကာလဆိုတော့ နေတိုင်းလိုလို လုပ်အားခေါ်တယ်။ သူတို့နေဖို့ထိုင်ဖို့နေရာတွေမှာလည်း ပြည်သူတွေအားလုံးကိုခေါ်ပြီးတော့ ရှင်းလင်းရေးတွေ လုပ်ခိုင်းတယ်။ တစ်အိမ်တစ်ယောက် မလာမနေရခေါ်ပြီးတော့ ရှင်းခိုင်းတယ်။ တစ်မြို့လုံး အစိုးရနဲ့ဆိုင်တဲ့ နေရာတွေမှာ တပိုင်းပြီးတပိုင်း ရှင်းလင်းရေးတွေ လုပ်ခိုင်းတယ်။
မေး။ ။ အခုက ပန်ဆိုင်းမြို့ပေါ်မှာ စာသင်ကျောင်းနဲ့ဆေးရုံတွေက အရင်အတိုင်းပြန်လည် လည်ပတ်နေပြီလား။
ဖြေ။ ။ အခုချိန်အထိတော့ စာသင်ကျောင်းတွေ မဖွင့်နိုင်သေးဘူး။ ဆေးရုံကတော့ CDM ဆရာမတွေက ခန့်ထားတယ်လို့ ပြောတယ်။ ဒါပေမယ့် အရမ်းအဆင်မပြေဘူး။ ပါးစပ်အရမ်းကြမ်းတယ်။ ပြီးရင် ဆက်ဆံရေးလည်း အရမ်းကြမ်းတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်လည်း ဘယ်အစိုးရမှ မကောင်းဘူးလို့ပဲ မြင်ပါတယ်။
မေး။ ။ နောက်တစ်ခုက ပန်ဆိုင်းဒေသကို ကိုးကန့်တပ်တွေ ထိန်းချုပ်လိုက်တဲ့နောက် မဟာမိတ် အဖွဲ့တွေနဲ့လည်း နယ်မြေဒေသနဲ့ ပတ်သက်ပြီး ပြဿနာအငြင်းပွားမှု ရှိခဲ့တယ်လို့လည်း ကြားမိတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးအခြေအနေ ဖြစ်သွားပြီလဲ။
ဖြေ။ ။ အစဖြစ်လာတာက မြေစာရင်းနဲ့ သစ်တောနေရာမှာ KIA တွေက လာရောက်နေထိုင်ကြတာဟုတ်တယ်။ အဲတစ်ရက်ပဲ လာနေသေးတယ်၊ ညလောက်မှာ သေနတ်တွေနဲ့ ပစ်ခတ်ခြောက်လန့်တာတွေ ပြန်လုပ်တယ်။ အခု ချက်ချင်းထွက် (ငါတို့တိုက်ခိုက်ထားတဲ့နေရာ နင်တို့တိုက်ခိုက်ထားတဲ့နေရာမဟုတ်ဘူး) ဆိုတဲ့ ပုံစံနဲ့ လာမောင်းထုတ်တယ်။ ည ၁၂ နာရီလောက်မှာ KIA တွေက ပြဿနာမဖြစ်ချင်လို့ ဆုတ်ခွာသွားတဲ့ပုံစံ ဖြစ်သွားတာပေါ့။ အဲ့လိုတော့ ဖြစ်သွားတယ်။
မေး။ ။ အဲဒါဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အုပ်ချုပ်နေတဲ့ ဒီကာလအတွင်းမှာ နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်ကြသေးလဲ။
ဖြေ။ ။ အခုပြန်ကြားရတာက ကိုးကန့်ဘက်က လူကြီးတွေပြောတယ်လို့ ကြားတယ်။ KIA နဲ့ SSPP တပ်ဖွဲ့တွေ ကို စစ်ယူနီဖောင်းဝတ်ပြီး လက်နက်ပစ္စည်းနဲ့ မြို့ထဲကို မဝင်ခိုင်းဖို့ ကိုယ်တိုင်ပြောဆိုထားတယ်လို့ ကြားတယ်။ အဲအကြောင်းကို SSPP တပ်တွေ စစ်သင်တန်းဆင်းပြီးတုန်းကလည်း သွားပြောထားတာ ရှိတယ်လို့ သိရတယ်။
မေး။ ။ ဒါဆိုရင် ပန်ဆိုင်းဒေသက ကိုးကန့်တပ်တွေ သီးသန့်အုပ်ချုပ်နေတဲ့ဒေသလို့ ပြောလို့ရမလား။
ဖြေ။ ။ အဲ့လိုပုံစံပဲလေ။ တခါတည်း အင်အားအလုံးအရင်းနဲ့ စိုးမိုးချင်တဲ့ပုံစံနဲ့လုပ်လာတာ။ ဒါ့ပေမယ့် SSPP အဖွဲ့တွေက စစ်ယူနီဖောင်းတွေနဲ့ လျှောက်သွားတာမျိုးတော့ မရှိဘူး။ စျေးမီးလောင်တဲ့နေ့မှာတော့ ယူနီဖောင်း ဝတ်ပြီး လာလှည့်ပတ်သွားတာတွေ့ရတယ်။ KIA ကတော့ စစ်ယူနီဖောင်းတွေဝတ်ပြီးတော့ သွားလာတာရှိတယ်။ သူတို့ ပြောတော့ပြောတယ်။ ဒါပေမယ့် သူတို့ဘာမှ လုပ်လို့မရဘူး။ အခုကတော့ ပြောဆိုနေတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်။
မေး။ ။ ကိုးကန့်တပ်တွေ ရောက်လာကတည်းက ပန်ဆိုင်းဒေသခံပြည်သူတွေကို အစည်းအဝေးဘယ်နှစ်ခေါက် ခေါ်ပြောတာတွေ ရှိပြီလဲ။
ဖြေ။ ။ ပထမဆုံးအစည်းဝေး ခေါ်ပြောတုန်းကတော့ ရှမ်းဘုန်းကြီးကျောင်းမှာ ခေါ်ပြောတယ်။ အဲမှာ တွေ့တုန်းကတော့ စစ်သားလုပ်ရမယ်လို့ ပြောတယ်။ တစ်အိမ်မှာ ၂ ယောက်ရှိရင် တစ်ယောက်က လုပ်ရမယ်။ ၄ ယောက် ရှိရင် ၂ ယောက် လုပ်ကိုလုပ်ရမယ်။ ဒါပြီးရင် ထမင်းချက်ပို့ရမယ်။ အစည်းအဝေးခေါ်လုပ်တာက ၃ ကြိမ် ရှိသွားပြီ။ တပိုင်းနဲ့တပိုင်း လုပ်ကြတယ်။
မေး။ ။ အဲဒီအစည်းအဝေးတွေမှာ ဘာတွေသတိပေးပြောဆိုတာတွေရှိပါလဲ။
ဖြေ။ ။ နောက်ဆုံးထွက်သွားတဲ့ သတင်းကတော့ ဖုန်းပိတ်ထားရတယ်။ ဖုန်းမကိုင်ရဘူး။ ပြီးရင် သူတို့ပြောတဲ့ ထဲမှာ ထမင်းချက်ဖို့တာဝန်ကျလာတဲ့သူတွေက တစ်အိမ်ကို ယွမ် ၅၀ စီ ပေးရမယ်လို့ ပြောတယ်။ နောက်တခုက လက်နက်ရှိထားတဲ့ အိမ်တွေက လက်နက်တွေလာအပ် ပြောထားတယ်။ အမှန်တော့ သေနတ်က သူတို့ပဲ ပစ်နေကြတာ။ သူတို့အုပ်ချုပ်တဲ့နေရာ ဖြစ်တယ်ဆိုပြီး တရုတ်နှစ်သစ်ကူးညဆိုရင် ဒီတိုင်းလျှောက်ရမ်းသမ်း ပစ်တာ အရမ်းဆိုးရွာတာ။ တကယ်လို့ လက်နက်ပစ္စည်းတွေ လာမအပ်ဘူးဆိုရင် တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်စစ်ပြီး တွေ့ရင်အရေးယူမယ်လို့ ပြောတယ်။ နောက်ပြီး အုပ်ချုပ်ရေးရုံးတွေမှာလည်း လိုက်အိပ်ရမယ်။ တစ်အိမ်မှာ လူတစ်ယောက် မအိပ်မနေရ လာအိပ်ရမယ်လို့ပြောတယ်။ လုံခြုံရေး လာယူပေးရမယ်လို့ အစည်းအဝေးတွေမှာ ပြောတယ်။ အဲဒါကို ပြည်သူတွေက ကန့်ကွက်ပြောဆိုတာတွေရှိတယ်၊ ဒါပေမယ့် လက်မခံဘူး။
မေး။ ။ ဒီဒေသမှာက တိုင်းရင်းသားတွေ စုပေါင်းပြီး နေထိုင်ကြတာဖြစ်တဲ့အတွက် လက်ရှိမှာ ခွဲခြားဆက်ဆံတာတွေရော ကြုံရပါလား။
ဖြေ။ ။ ပြည်သူတွေခံစားနေရတာက ခွဲခြားဆက်ဆံတာတွေ၊ တရားမမျှတတာတွေ ရှိတယ်လို့ ခံရတယ်။ (ဥပမာ – တခါတုန်းက ဆန်တွေဘာတွေ ထုတ်ပေးတာတွေ ရှိတယ်) သူတို့က မရှိဆင်းရဲတဲ့သူတွေကို ပေးတယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့တရုတ်တွေက ရှိတဲ့အထပ်ထပ်တောင်ရတယ်။ ကားစီးတဲ့သူတွေလည်း လာထုတ်ယူ ကြတယ်။ ပြီးရင် ဗမာနဲ့ ကချင်တွေကိုတော့ ရွေးပြီးမှပဲပေးတယ်။ အဲ့တာကြောင့် ဒီမှာ ပြဿနာတွေတက်ပြီး ဆန္ဒပြတာတွေတောင် ဖြစ်သွားသေးတယ်။ အဲကြောင့် ဘယ်ချိန်ပဲရောက်ရောက်ခွဲ ခြားဆက်ဆံတာတွေက ရှိနေအုံးမှာပဲ။
မေး။ ။ အဲဒါဆိုရင် လက်ရှိ သူတို့ရဲ့အုပ်ချုပ်မှု လက်အောက်မှာရှိနေတာက အေးချမ်းသာယာတယ်လို့ ပြောလို့ရလား။ ဘယ်လိုပြောချင်လဲ။ အာဏာရှင်ဆန်တယ်လို့ရော ခံစားရပါလား။
ဖြေ။ ။ အခုက သူတို့ရဲ့ နှစ်ကူးလည်း ပြီးသွားပြီ။ ဒါပေမယ့် လက်နက်တွေက ပုံမှန်ပစ်ခတ်တာတွေလည်း လုပ်နေသေးတယ်။ အဲ့ကြောင့် ပြည်သူတွေအတွက် လုံခြုံရေးက လုံးဝမရှိသေးဘူး။ သူတို့ပဲ မူးရူးစားသောက်ပြီး လက်နက်တွေ ပျောက်ပြီးတော့ ပြည်သူတွေကိုတော့ လက်နက်ခိုးဝယ်ထားတယ်ဆိုပြီး စွပ်စွဲပြောဆို တာတွေလည်းရှိတယ်။ စီပွားရေးလုပ်ကိုင်တဲ့သူတွေကပဲ လက်နက်တွေ ကိုင်ဆောင်ထားကြတာ။
မေး။ ။ အခုဒီမှာနေထိုင်တဲ့အခါ အခက်အခဲအဖြစ်ဆုံးဆိုရင် ဘာဖြစ်မလဲ။
ဖြေ။ ။ ဒီမှာနေရတဲ့အခက်အခဲက ဘာဖြစ်မလဲဆိုတော့ မီးမရတဲ့အခက်အခဲ ဖြစ်တယ်။ လိုင်းတွေ မရဘူး။ ပိုက်ဆံရှိတဲ့သူတွေလောက်ပဲ သုံးနိုင်တဲ့ အနေအထားမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ မီးက ကိုယ်စားလှယ် ယူထားတာ။ အချင်းချင်းစီးပွားရေး လုပ်စားနေကြတာ။ အရင် အစိုးရခေတ်တုန်းက အားလုံးမီးသုံးနိုင်တယ်။ အဲခါတုန်းက ထမင်း၊ ဟင်းချက်တာကအစ တစ်လလုံးမှ ၆ ထောင် ၊ ၇ ထောင်လောက်ပဲ ကုန်ကျတာ။ အခုက တစ်ယူနစ်ကို ၆၀၀ တောင်ပေးရတာ။ အဲ့ကြောင့် ပိုက်ဆံမရှိတဲ့သူတွေက မယူနိုင်တဲ့သူတွေ များတယ်။ အဲ့ကြောင့် မသုံးနိုင်ကြဘူး။ သူတို့ရဲ့ပုံစံက ရှိရင်သုံး မရှိရင်မသုံးနဲ့ ပုံစံလုပ်နေတာ။
မေး။ ။ နောက်တစ်ခုက အခွန်အကောက်နဲ့ ပတ်သက်ပြီးရော ဘယ်လိုကောက်ခံမှုရှိနေပါလဲ။
ဖြေ။ ။ အခွန်အကောက်နဲ့ ပတ်သက်ပြီးမှတော့ သေချာမသိရသေးဘူး။ အခုချိန်အထိတော့ ကောက်ခံ တာတွေလည်း မကြားမိသေးဘူး။
မေး။ ။ ပန်ဆိုင်းမြို့ လုံခြုံရေးနဲ့ပတ်သက်ပြီးရော ဘယ်လိုဆောင်ရွက်နေတာတွေ ရှိနေပြီလဲ။
ဖြေ။ ။ လုံခြုံရေးအတွက်ကတော့ အားသာချက်လို့ ပြောလို့ရမယ်ထင်တယ်။ အရင်တုန်းကဆိုရင် မူးယစ်ဆေးသမားတွေလည်း အရမ်းများတယ်။ သူခိုး၊ ဓါးပြတွေ အရမ်းများတယ်။ အိမ်မှာ ဘာမှထားလို့တောင် မရဘူး။ အစိုးရနဲ့ ပေါင်းပြီးမှတောင် လုပ်စားနေတာဖြစ်တဲ့အတွက် အရမ်းဆိုးရွားခဲ့တာ။ အဲ့ခါတုန်းကဆိုရင် ရောင်းဝယ်မှုတွေလည်း အရမ်းများတယ်။ ဆေးသမားတွေလည်း အရမ်းများလာတယ်။ ဖမ်းဆီးတာတွေလည်း မရှိဘူး။ ဒါပေမယ့် အခု ကိုးကန့်တပ်တွေကတော့ အဲ့တာတစ်ခုတော့ သဘောကျပါတယ်။
မေး။ ။ အခုက ဒေသခံပြည်သူတွေကို လုပ်အားပေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ဆောင်ခိုင်းနေသေးလဲ။ အတင်းအဓမ္မ ခိုင်းစေတာတွေရောရှိလား။
ဖြေ။ ။ အခုတလောတော့ တလောက သတင်းတွေထွက်သွားလို့ နည်းနည်းငြိမ်နေတယ်။ ဒေသခံတွေကလည်း လုပ်အားပေးကိစ္စတွေကတော့ အားလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ထင်ယူကြတာ ဖြစ်တဲ့အတွက် ဝိုင်းဝန်း လုပ်ဆောင်တာမျိုးတော့ ရှိပါတယ်။
မေး။ ။ ပန်ဆိုင်းဒေသခံတစ်ယောက်အနေနဲ့ အရင်အစိုးရ အုပ်ချုပ်ခဲ့တာနဲ့ အခုကိုးကန့်တပ်တွေ ပြန်အုပ်ချုပ်နေတဲ့အခါမှာ ဘယ်လို ကွာဟမှုတွေ ရှိနေပါလဲ။ ဒီအပေါ်မှာ ဘာပြောချင်ပါလဲ။
ဖြေ။ ။ အမှန်တိုင်းပြောရရင် ထွေထွေထူးထူး ဘာမှကွာခြားတာမျိုးတော့မရှိပါဘူး။ အတူတူပဲလို့ ခံစားရတယ်။ ဘာလို့လဲဆိုတော့ လူ့အခွင့်အရေးဆိုတာ မရရှိသေးဘူး။ အရင် ၅ နှစ်တုန်းကဆိုရင် ပြောရဲဆိုရဲခွင့်တွေ ရရှိသေးတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကြောက်ရွံ့ပြီးမှပဲ နေနေရတယ်။ တခုခုဆိုရင် လာဒ်ပေးလာဒ်ယူတွေ အရမ်းများတယ်။ ပိုက်ဆံမရှိရင်တောင် နေထိုင်လို့မရတဲ့ အခြေနေမှာ ဖြစ်သွားတယ်။ အခုကိုးကန့်တပ်တွေလည်း အတူတူပဲ။ သူတို့တွေကြတော့ အရင်ကကွန်မြူနစ်ဝါဒ ခိုင်းစေတာတွေနဲ့ လုပ်တယ်။ အဲဒီအပေါ် ပြည်သူတွေက လုံးဝသဘောမတူဘူး။ တရားမျှတမှုကိုပဲ လိုအပ်တယ်။
မေး။ ။ နောက်ဆုံး ပန်ဆိုင်းဒေသခံပြည်သူတစ်ယောက်အနေနဲ့ ဖြည့်စွက်ပြီးရော ဒီကနေ ပြည်သူလူထု အားလုံးကို ဘာပြောချင်ပါလဲ။
ဖြေ။ ။ ဖြစ်ချင်တာက လက်ရှိ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးအမြစ်ပြတ်အောင် ရှင်းထုတ်လိုက်ပြီးတော့ အမြန်ဆုံးငြိမ်းချမ်းပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဆီ ရောက်ချင်နေပါပြီ။
By – နော်ထွယ့်(ဟူးကောင့်)